Pages

Friday, April 20, 2012

တို့ဖခင်



                              
                               တို့ဖခင်


သူ
သူသည် ဒါးမခုတ် ၊ တောင်ယာလုပ်သည့်
ကျောမွဲ လူတန်းစားမှ
ဆင်းသက်လာသူမဟုတ် ။
သူ
သူသည် နေပူပူ ၊ မိုးရွာရွာ
ကျွဲ ၊ နွားနှင့်လှုပ်ရှား
လယ်သမားမျိုးရိုးမှ
မွေးဖွားလာသူလည်းမဟုတ်။
သူ
သူ၏အဖေကား
ဝတ်လုံတော်ရ ရှေ့နေမင်း ။
သူ၏အမေကား
မြေပိုင် ၊ လယ်ပိုင်ရှင်
မြို့သူကြီးမျိုးရိုး။
သူ
သူသည် ကျိကျိတက်ချမ်းသာ
လူဂုဏ်တန် အသိုင်းအဝန်းမှာ
လူလားမြောက်လာ ၊ ကြီးပြင်းခဲ့သူ ။
သူ
သူကိုယ်တိုင်လည်း
ကလေကချေ ၊ရွာရိုးကိုးပေါက်
လျှောက်ပြန် သံပေး ၊
ခြေအေးဝမ်းယောင်
ဝေဝေလေလေမဟုတ်။
သူ
သူသည် ကောလိပ်ကျောင်းသား
အတိအကျဆိုရလျှင်….
ဒုတိယနှစ်ကောလိပ်ကျောင်းသား
အသက်ရွယ်က ၂၀ကျော်သာသာ။
သူ
သူသည် …….
သည်နှစ်(ဒုတိယနှစ်)အောင်လျှင်ပင်
မြို့ပိုင် ၊ နယ်ပိုင် ၊ဘုရားထူးခံ
ပုဂ္ဂိုလ်ဖြစ်မည့်သူ ။

ဤသို့………………………

အဘက်ဘက်ကပြည့်စုံ၊
ကုံလုံ နေသူတစ်ယောက်၊
အဘယ်သို့သောအတွေးများပေါက်၍
အဘယ်မည်သော ခွန်အားသုံး၍
အဘယ်မည်သော တွန်းအားဖြင့် ၊
အရာရာကိုစွန့်လွှတ် ၊
ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်
ပျော်ပျော်ကြီးအိပ်ခဲ့ပါလိမ့်။
“မ”တစ်ထောင် တစ်ကောင်ဘွား
ဆိုရိုးစကားကို လွန်၊
“မ”သိန်းပေါင်းတစ်ထောင် တစ်ကောင်ဘွား
ဆိုရိုးအသစ် သူထွင်
နိုင်ငံတွင် စံတင်ခဲ့လေပြီ ။   ။
သူ……ဆိုသူကား….
ပဲပြုတ်နဲ့ နံပြားကိုနှစ်သက်သူ..
အာဏာအတွက်မဟုတ်  
ပြည်သူ့အတွက် လက်နက်ဆွဲ၍ထွက်ခဲ့သူ….
လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောက ကထွက်
 စာရေးဆရာဖြစ်ချင်ခဲ့သူ…
လွတ်လပ်ရေး ဗိသုကာ
တစ်မျိုးသားလုံး၏ ထွက်ရပ်လမ်းကို
ဦးဆောင်လမ်းပြခဲ့သူ……
ဗမာ့တပ်မတော်၏ ဖခင်
တစ်မျိုးသားလုံး၏ဖခင်
မြန်မာနိုင်ငံ၏ဖခင်
သခင်အောင်ဆန်း(သို့မဟုတ်)
ဗိုလ်တေဇ(သို့မဟုတ်)
ဗိုလ်ချုပ်အောင်ဆန်း(သို့မဟုတ်)
တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ။             ။
                                                        လွင့်မောင်မောင်(ထားဝယ်)
                                                         (18-7-2010    01:30 hr)

စာကြွင်း ။              ။
ဤသို့………………………
အဘက်ဘက်ကပြည့်စုံ၊ကုံလုံ နေသူတစ်ယောက်၊
အဘယ်သို့သောအတွေးများပေါက်၍၊
အဘယ်မည်သော ခွန်အားသုံး၍
အဘယ်မည်သော တွန်းအားဖြင့်
အရာရာကိုစွန့်လွှတ် ၊
ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်
ပျော်ပျော်ကြီးအိပ်ခဲ့ပါလိမ့်။
သည်တစ်ချက်နှင့်တင်
သူ့အားကျွန်ုပ်တို့လေးစားထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ရိုကျိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ မြတ်နိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ရှိခိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ စံပြုထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ဂုဏ်ပြုထိုက်ပြီ ။      ။
 ဆရာကြီး(ဆရာဇော်ဂျီ) ရေ……
အခုတော့ …………………………………

                                         လွင့်မောင်မောင် (ထားဝယ်)
                                      (18 – 7 -2010 တနင်္ဂနွေ နေ့  01:30 hr)

No comments:

Post a Comment