Pages

Sunday, August 25, 2013

ပွဲ

ပွဲ

သွားလိုက်ကြတာ လူတွေမနည်း
ဒါပေမယ့် ... လုပ်ပွဲတော့ မဟုတ်ဘူး ။
ငွေမိုး ရွှေမိုး စိန်မိုးတွေ ရွာလို့ သူဦး ကိုယ်ဦး အလုအယက်
လောဘတက်တဲ့ပွဲလည်း မဟုတ်ဘူး ။
လူတွေဟာ ကိုယ့်အိမ်ထဲမှာ ငြိမ်းချမ်းစွာ နေချင်ကြတာပါ
ကိုယ့်အိမ်ထဲမှာ နေရင်း ၊ ကိုယ့်အလုပ်တာဝန် ကျေပွန်ရင်း
လူသားအဖြစ်မှ လျှော့ကျ ၊ ဘ၀တွေ နစ်မွန်းတဲ့အခါ
လမ်းအမှားတွေကို ရှောင်ကွင်းဖို့
လမ်းပေါ်ကို ဆင်းခဲ့ကြတာပါ ။
အသွေးနဲ့ အသားနဲ့ အကြောနဲ့ အရိုးနဲ့ အရှက်နဲ့ အသက်နဲ့ လူ
အကြမ်းဖက် တိုက်ခိုက်ရေးဆိုတာ မသိတဲ့ လူ
အဲဒီ ပြည်သူတွေ စုဝေးခဲ့ကြတယ်
တစ်သံတည်း ကြွေးကြော်ခဲ့ကြတယ်
“ အာဏာရှင်စနစ် ပျက်သုဉ်းရေး ... ဒို့အရေး ဒို့အရေး ”
“ ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး ဒို့အရေး ”
အဲဒီအရေးတွေနဲ့ ခေတ်သမိုင်း အစဉ်အလာ
သန်မြန်ခဲ့တာ ဒို့မြန်မာ ဆိုတဲ့ ဂုဏ်ဆောင်ဖို့
နှောင်ဖွဲ့ခဲ့ကြတဲ့ လုပ်သားပြည်သူများ
တပ်ဦးမှာ ခွပ်ဒေါင်းအလံ ၀င့်ဝင့်ကြွား
လှမ်း ကြည့် သွေးနီ စက်စက် နီသွေး ကြည့် လှမ်း
လမ်းတွေ ထွင်ခဲ့ ၊ လမ်းတွေ ပြင်ခဲ့
လမ်းတွေဖောက်ခဲ့ ၊ လမ်းတွေ ရောက်ခဲ့
သွားလိုက်ကြတာ လူတွေ မနည်း တသဲသဲ
မြန်မာ့ အမျိုးသား ဒီမိုကရေစီ အောင်ပွဲ
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုပွဲ ... ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...

( 1 ; 8 ; 2013 )
www.nyeinsoeoo.com
လပွတ္တာမြို့ ဧဒင်ဥယျာဉ်ခန်းမတွင် ( 8 ; 8 ; 2013 ) ရက်နေ့၌ ပြုလုပ်မည့်
ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုပွဲအခမ်းအနားတွင်
ကိုယ်တိုင်ရွတ်ဆိုမည့် ကဗျာ ဖြစ်ပါသည် ။

 ရွှေဒေါင်းတောင်မဂ္ဂဇင်း တွင် ( 4 ; 8 ; 2013 )
ရက်နေ့မှ စတင်ကာ ဖော်ပြထားသော ကဗျာ ဖြစ်ပါသည် ။