ပိုးဖလံမျိုးမီးကိုတိုး ကိုယ်ကျိုးနဲရပြီ……တဲ့။
ပညာရှိတို့ ကာရံညှိ၍ အမှတ်သညာပြုခဲ့ပါ၏။ ။
မွေးကတည်းက
အမှောင်တိုက်ကြီးထဲမှာနေ အမှောင်သိုက်ကြီးထဲမှာ
ကြီးပြင်းလာခဲ့တဲ့ဘ၀။
အလင်းရောင်ကိုမတွေဖူး မမြင်ဖူးတာက
အသက်နှင့်အမျှ ဘ၀တလျှောက်လုံးပါဘဲ့။
အတောင်စုံပြီဆိုတော့ အပြင်လောကကိုပျံသန်းခွင့်ရပြီ
ထွက်ခွင့်ရတဲ့အချိန်က အမှောင်ကြီးစိုးတဲ့ အ ကာလ ည။
အလင်းရောင်……အလင်းရောင်…..
တစ်သက် တစ်ကိုယ် ယခုမှမြင်ဖူးပြီ။
အမှောင်တိုက်ကြီးထဲကလာတဲ့ ဖလံပိုးမျိုး ၊ အလင်းကိုမမက်မောဘဲနေမလား။
စိန်တောင် ရွှေတောင်အမှတ်နဲ့ တိုးပြီပေါ့ မီးကို
သေပြီပေါ့ တစ်ကောင်ပြီးတစ်ကောင်။
ပိုးဖလံရဲ့ ဇတ်သိမ်း
လူတွေအမြင်မှာ အမိုက်ဇတ်သိမ်းခန်း
ဖလံပိုးတွေမှာ အလင်းရောင်ကိုဖက်တွယ်ရင်း ပီတိသောမနဿအဟုန်နဲ့
သေပွဲဝင်ခဲ့တာ………..
ပညာရှိတို့အမှတ်သညာမှားပြီပေါ့။ ။
ကျွန်ုပ်တို့တစ်တွေ ၊ ကျွန်ုပ်တို့တစ်တွေဆိုတာက
အမှောင်တိုက်ကြီးထဲမှာမွေး ၊အမှောင်တိုက်ကြီးထဲမှာနေ
အမှောင်တိုက်ကြီးထဲမှာသေကြမဲ့ ကျွန်ုပ်တို့တစ်တွေ…..
ဖလံပိုးမျှလောက် အလင်းရဲ့အရသာကိုခံစားနိုင်ခဲ့ရဲ့လား
အလင်းကိုဖက်တွယ်ရင်း သေပွဲဝင်ခဲ့တဲ့ဖလံသူရဲကောင်းများအား
ကျွန်ုပ်အလေးပြုလိုက်ပါသည်။
အလင်းရောင်ကိုငတ်မွတ်လွန်းသူ၊
အလင်းရောင် အတွက် ဘ၀တွေပေးဆပ်
အသက်တွေပေးအပ်……………….
အလင်းရောင်အတွက် ပုံစံမျိုးစုံနှင့်အားထုတ်နေသူ အားလုံးအတွက်…….
ပိုးဖလံမျိုး မီးကိုတိုး
ကိုယ်ကျိုးနဲရပြီ။
နဲသည့်ကိုယ်ကျိုး ပြည်သူ့အကျိုး
တိုးပွားဝေစည် တို့တိုင်းပြည်
ရွှေပြည်သစ်ဆီ လှမ်းတက်ချီ။ ။
လွင့်မောင်မောင်(ထားဝယ်)
တော်လှန်ရေးနေ့အမှတ်တရ
No comments:
Post a Comment