Pages

Friday, April 20, 2012

ဗိုလ်ချုပ်အောင်ဆန်းအတွက်ဂုဏ်ပြုကဗျာ


 
ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏ သက်လှယ် ၊ မင့်သားငယ်သည်
သက် နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။
သူ သုံးနှစ်သား ၊ ဖော်ချင်းများနှင့်
အူယားဖားယား
ကစားရာမှ ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင် ၊ မင့် ရင်ခွင်သို့
ပြေးဝင်ပုန်းလာ ၊ သူ့ မူယာကို
ငါမြင်ခဲ့၏ မှတ်မိ၏ ။
မိုးက စိုစို ၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ ၊ တို့လမ်းမတွင်
ပျံကြ ဝဲကြ ၊ ငရဲထ သို့
အုံကြွ မြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏ ။
ထိုနေ့၌ပင် ၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း ၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏
မြေခ သတင်း ၊ မိုးကြိုးခွင်းသို့
အိမ်တွင်း အိမ်ပြင် ၊ တို့လမ်းခွင်၌
မချင့်မရဲ ၊ ဝမ်းနည်း ခံခက်
မျက်စိ မျက်နှာ ၊ ညှိုးကျရှာသည်
ရွာဦးပိုင်းမှ သင်္ချိုင်းထိ ။
ငါ့ညီပြောင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ နှစ်ဆယ် သက်စစ်
သူတို့ခေတ်၌
တိုင်းချစ် ပြည်ခင် ၊ မြတ်စေချင်၏
မင်းမြင် ငါကြား ၊ စကားဥဒါန်း
ဆန်း၏သတ္တိ ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ ၊ ဆန်းမှာ ဆုံပေါင်း
ယောက်ျားကောင်းတို့ ၊ ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ ။
                                                          ဇော်ဂျီ (၁၉၆၄ ဇူလိုင်)


            သခင်အောင်ဆန်းတရား

ငါ့ညီပြောင်းဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် ၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း ။
ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ ၊ ဆန်း၏ပညာ
ဟောစရာကား အလွန်များ၏
မင့်သားအရွယ် ၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း ၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့် ၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏ ။
သူ့အစွမ်းကား အခြားမဟုတ်
အ အုပ်ချုပ်ခံ ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း ၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ ၊ ပကာသနကို
ပြာကျလောင်မြိုက် ၊ သူမီးတိုက်၏။
ခေတ်လိုက်ခါညီ ၊ ခေတ်မီပညာ
ကြုံရာဘဝ ၊ မုတလုံလောက်၊ ခံမြို့ဆောက်၏။
ထိုနောက်တစ်ဆင့် ၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ ၊ သူ့အလံတည့်
ပျံတလူလူ ၊ သူ ထူခဲ့ကြောင်း ၊ ခေါင်းဆောင်သဘော
မင်းသားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ ။
                                                       ဇော်ဂျီ (၁၅ ၊ ၇ ၊ ၁၉၆၆)

   ကျွန်နော်တို့အားလုံးဗိုလ်ချုပ်အကြောင်း မိမိသား ၊သမီး ၊တို့ကို ပြောပြကြပါစို့။

အရူးလို့ခေါ်ပါ



ဓားသွားမြမြပေါ်က  ပျားရည်တစ်စက်
အငမ်းမရ လျှက်ခဲ့တဲ့ကိုယ်
အရူးလို့ဘဲ့ခေါ်လိုက်ပါတော့။      
နှလုံးသားမှာ အမုန်းပွားရလောက်အောင်
အပြစ်တစ်စုံတရာမရှိလေတော့
အမုန်းခံလူသားဘ၀နဲ့
သူ့ကိုချစ်မြဲချစ်နေပါရစေ။
ဒီလိုဆို………….
အရူးလို့ခေါ်လိုက်ပါ။      
အလှကွန်ယက် ဘ၀နွံပွက်ထဲ
မလူးသာ မလွန့်သာ
လှုပ်လေ မြုပ်လေ
 ရုန်းလေ နစ်လေ။         
သတိထားမိလိုက်ပေမဲ့
အသိတရားမရနိုင်တဲ့ကိုယ်၊
အရူးတကာ့ အရူးထဲ
အချစ်ရူး“ဒို့”ကို……..
အရူးလို့ဘဲ့ခေါ်လိုက်ပါတော့။
ဒီက….ကျေနပ်နေပါ့မယ် ။              
                                                လွင့်မောင်မောင်(ထားဝယ်)

လွင့်မောင်မောင် ဟုခေါ်ပါသည်

ဝဿန်ကာလ မိုးစက်များလည်း
ဒို့ရင်ခွင်ထဲ သောကမီးကို
မငြိမ်းသတ်နိုင်ခဲ့။
ဟေမာန်ကာလ နှင်းပွင့်များလည်း
အလွမ်းဆီထိ အသည်းအိအိကို
မအေးစက်နိုင်ခဲ့။
ဒီနေ့ကစ“မေ့လိုက်တော့” တဲ့
မိုးစက် နှင်းပွင့်များသို့
အေးစက်စက်နဲ့ ပြောရက်သူက
ပြောနိုင်ခဲ့ပေမဲ့............
ကိုယ့်မှာ....................
ဂိမာန်ကာလ အရွက်ခြောက်များသို့
ဖြစ်ချင်ရာဖြစ်  လွင့်ချင်ရာလွင့်
ကြွေမဲ့နေရာ  မြေမရှိ။          ။
                                                     လွင့်မောင်မောင်

တို့ဖခင်



                              
                               တို့ဖခင်


သူ
သူသည် ဒါးမခုတ် ၊ တောင်ယာလုပ်သည့်
ကျောမွဲ လူတန်းစားမှ
ဆင်းသက်လာသူမဟုတ် ။
သူ
သူသည် နေပူပူ ၊ မိုးရွာရွာ
ကျွဲ ၊ နွားနှင့်လှုပ်ရှား
လယ်သမားမျိုးရိုးမှ
မွေးဖွားလာသူလည်းမဟုတ်။
သူ
သူ၏အဖေကား
ဝတ်လုံတော်ရ ရှေ့နေမင်း ။
သူ၏အမေကား
မြေပိုင် ၊ လယ်ပိုင်ရှင်
မြို့သူကြီးမျိုးရိုး။
သူ
သူသည် ကျိကျိတက်ချမ်းသာ
လူဂုဏ်တန် အသိုင်းအဝန်းမှာ
လူလားမြောက်လာ ၊ ကြီးပြင်းခဲ့သူ ။
သူ
သူကိုယ်တိုင်လည်း
ကလေကချေ ၊ရွာရိုးကိုးပေါက်
လျှောက်ပြန် သံပေး ၊
ခြေအေးဝမ်းယောင်
ဝေဝေလေလေမဟုတ်။
သူ
သူသည် ကောလိပ်ကျောင်းသား
အတိအကျဆိုရလျှင်….
ဒုတိယနှစ်ကောလိပ်ကျောင်းသား
အသက်ရွယ်က ၂၀ကျော်သာသာ။
သူ
သူသည် …….
သည်နှစ်(ဒုတိယနှစ်)အောင်လျှင်ပင်
မြို့ပိုင် ၊ နယ်ပိုင် ၊ဘုရားထူးခံ
ပုဂ္ဂိုလ်ဖြစ်မည့်သူ ။

ဤသို့………………………

အဘက်ဘက်ကပြည့်စုံ၊
ကုံလုံ နေသူတစ်ယောက်၊
အဘယ်သို့သောအတွေးများပေါက်၍
အဘယ်မည်သော ခွန်အားသုံး၍
အဘယ်မည်သော တွန်းအားဖြင့် ၊
အရာရာကိုစွန့်လွှတ် ၊
ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်
ပျော်ပျော်ကြီးအိပ်ခဲ့ပါလိမ့်။
“မ”တစ်ထောင် တစ်ကောင်ဘွား
ဆိုရိုးစကားကို လွန်၊
“မ”သိန်းပေါင်းတစ်ထောင် တစ်ကောင်ဘွား
ဆိုရိုးအသစ် သူထွင်
နိုင်ငံတွင် စံတင်ခဲ့လေပြီ ။   ။
သူ……ဆိုသူကား….
ပဲပြုတ်နဲ့ နံပြားကိုနှစ်သက်သူ..
အာဏာအတွက်မဟုတ်  
ပြည်သူ့အတွက် လက်နက်ဆွဲ၍ထွက်ခဲ့သူ….
လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောက ကထွက်
 စာရေးဆရာဖြစ်ချင်ခဲ့သူ…
လွတ်လပ်ရေး ဗိသုကာ
တစ်မျိုးသားလုံး၏ ထွက်ရပ်လမ်းကို
ဦးဆောင်လမ်းပြခဲ့သူ……
ဗမာ့တပ်မတော်၏ ဖခင်
တစ်မျိုးသားလုံး၏ဖခင်
မြန်မာနိုင်ငံ၏ဖခင်
သခင်အောင်ဆန်း(သို့မဟုတ်)
ဗိုလ်တေဇ(သို့မဟုတ်)
ဗိုလ်ချုပ်အောင်ဆန်း(သို့မဟုတ်)
တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ။             ။
                                                        လွင့်မောင်မောင်(ထားဝယ်)
                                                         (18-7-2010    01:30 hr)

စာကြွင်း ။              ။
ဤသို့………………………
အဘက်ဘက်ကပြည့်စုံ၊ကုံလုံ နေသူတစ်ယောက်၊
အဘယ်သို့သောအတွေးများပေါက်၍၊
အဘယ်မည်သော ခွန်အားသုံး၍
အဘယ်မည်သော တွန်းအားဖြင့်
အရာရာကိုစွန့်လွှတ် ၊
ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်
ပျော်ပျော်ကြီးအိပ်ခဲ့ပါလိမ့်။
သည်တစ်ချက်နှင့်တင်
သူ့အားကျွန်ုပ်တို့လေးစားထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ရိုကျိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ မြတ်နိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ရှိခိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ စံပြုထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ဂုဏ်ပြုထိုက်ပြီ ။      ။
 ဆရာကြီး(ဆရာဇော်ဂျီ) ရေ……
အခုတော့ …………………………………

                                         လွင့်မောင်မောင် (ထားဝယ်)
                                      (18 – 7 -2010 တနင်္ဂနွေ နေ့  01:30 hr)

Sunday, April 8, 2012

အချစ်ကန္ကရခရီးသည်



အချစ်မရှိသောကိုယ်  အချစ်ငတ်သောကိုယ်

အချစ်မဲ့သောကိုယ်   အသည်းမရှိသောကိုယ်

အပျော်ဆိုတာ…….

တွေရင်း ဝေးခဲ့ရပြီ ချစ်သူ။           ။

သူ့အမုန်းတွေလှိုက်စား

 နှလုံးသားအတွင်းကြေ

အပြင်းစားအမုန်းအက်ဆစ်

တစ်ခွက်တည်းနှင့်ပင်

အသည်းတစ်ခြမ်းလောင်ကျွမ်းပြီ။        ။

ပထမ“သူ”ကို  ချွင်းချက်မှတ်ယူ

ဟော…….နောက်တစ်ယောက်

ဒုတိယ“သူ”လည်း အတူတူ

မာယာအက်ဆစ် ပြင်းပြင်းတစ်ခွက်

ပြုံးပြီးတိုက်သွား…..

ကျန်တဲ့အသည်းတစ်ခြမ်း ကျွမ်းပါပြီ။        ။

နှလုံးသားအဆိပ်တက်

အမုန်းသွေးဆူပွက်ပြီ။

အမုန်းသွေးများလည်ပတ်နေတဲ့

အသည်းမရှိသောကိုယ်  အချစ်မရှိသောကိုယ်

အပျော်ဆိုတာ………

တွေးရင်း ဝေးခဲ့ရပြီချစ်သူ။             ။

လွင့်မောင်မောင်

ဖလံပိုးမို့ မီးကိုတိုးရဲပါသည်



ပိုးဖလံမျိုးမီးကိုတိုး ကိုယ်ကျိုးနဲရပြီ……တဲ့။

ပညာရှိတို့ ကာရံညှိ၍ အမှတ်သညာပြုခဲ့ပါ၏။      ။

 မွေးကတည်းက

အမှောင်တိုက်ကြီးထဲမှာနေ အမှောင်သိုက်ကြီးထဲမှာ

ကြီးပြင်းလာခဲ့တဲ့ဘ၀။

 အလင်းရောင်ကိုမတွေဖူး မမြင်ဖူးတာက

အသက်နှင့်အမျှ ဘ၀တလျှောက်လုံးပါဘဲ့။

 အတောင်စုံပြီဆိုတော့ အပြင်လောကကိုပျံသန်းခွင့်ရပြီ     

ထွက်ခွင့်ရတဲ့အချိန်က အမှောင်ကြီးစိုးတဲ့ အ ကာလ ည။

  အလင်းရောင်……အလင်းရောင်…..

တစ်သက် တစ်ကိုယ် ယခုမှမြင်ဖူးပြီ။

အမှောင်တိုက်ကြီးထဲကလာတဲ့ ဖလံပိုးမျိုး ၊ အလင်းကိုမမက်မောဘဲနေမလား။

စိန်တောင် ရွှေတောင်အမှတ်နဲ့ တိုးပြီပေါ့ မီးကို

သေပြီပေါ့ တစ်ကောင်ပြီးတစ်ကောင်။

 ပိုးဖလံရဲ့ ဇတ်သိမ်း

 လူတွေအမြင်မှာ အမိုက်ဇတ်သိမ်းခန်း

ဖလံပိုးတွေမှာ အလင်းရောင်ကိုဖက်တွယ်ရင်း ပီတိသောမနဿအဟုန်နဲ့

သေပွဲဝင်ခဲ့တာ………..

ပညာရှိတို့အမှတ်သညာမှားပြီပေါ့။        ။

 ကျွန်ုပ်တို့တစ်တွေ ၊ ကျွန်ုပ်တို့တစ်တွေဆိုတာက

အမှောင်တိုက်ကြီးထဲမှာမွေး ၊အမှောင်တိုက်ကြီးထဲမှာနေ

အမှောင်တိုက်ကြီးထဲမှာသေကြမဲ့  ကျွန်ုပ်တို့တစ်တွေ…..

ဖလံပိုးမျှလောက် အလင်းရဲ့အရသာကိုခံစားနိုင်ခဲ့ရဲ့လား

 အလင်းကိုဖက်တွယ်ရင်း သေပွဲဝင်ခဲ့တဲ့ဖလံသူရဲကောင်းများအား

ကျွန်ုပ်အလေးပြုလိုက်ပါသည်။

 အလင်းရောင်ကိုငတ်မွတ်လွန်းသူ၊

အလင်းရောင် အတွက် ဘ၀တွေပေးဆပ်

အသက်တွေပေးအပ်……………….

       အလင်းရောင်အတွက် ပုံစံမျိုးစုံနှင့်အားထုတ်နေသူ အားလုံးအတွက်…….

  ပိုးဖလံမျိုး မီးကိုတိုး

ကိုယ်ကျိုးနဲရပြီ။

နဲသည့်ကိုယ်ကျိုး  ပြည်သူ့အကျိုး

တိုးပွားဝေစည် တို့တိုင်းပြည်

ရွှေပြည်သစ်ဆီ လှမ်းတက်ချီ။            ။

                                      လွင့်မောင်မောင်(ထားဝယ်)
   
တော်လှန်ရေးနေ့အမှတ်တရ