Pages

Sunday, June 15, 2014

ရိုး ရှင်း ရန် (ငြိမ်းစိုးဦး)



ရိုး ရှင်း ရန်

မိဘတို့စကား နားမှာစွဲ ... ။
ဖက်ဆစ်စနစ် ခေတ်ပျက်တုန်းမှာ
ဘယ်နေရာမဆို ဘယ်အချိန်မဆို
သူတို့အလိုမကျရင် ရိုက်ပုတ်
ဖမ်းဆီး ချုပ်နှောင် ရေနွေးပူလောင်း
လက်သည်း ခြေသည်း အခွံခွာ
ဒို့မြန်မာတွေ အသေနာခဲ့ရသတဲ့ ။
ငတ်မွတ် ကျပ်တည်းမှုတွေကြား
အသားထဲက သန်းကြီးမတွေ ထွက်လာသလား
ဝဲနာ ယားနာတွေထူ
လူတွေ အငြိမ်မနေရဘူး ... တဲ့ ။
အမြီးပြတ် , ခွေးရူးတွေဟာ
လူတွေကို ကိုက်တတ်ပါသတဲ့ ။
ပြည်မြန်မာရဲ့ ခုချိန်ခါ
သန်း မဟုတ်တော့ပေမယ့်
အပြုတ်ခြွေတဲ့ ဟင်္သာကိုးသောင်းဇာတ်ဆောင်
အစိမ်းရောင်ထုတ်ကုန်တွေ တဖွားဖွား
လောက်များက အသားထဲမှာ အလန်း
Alarm ပေးထားသလို အသိနဲ့
မငြိမ်းသေးတာတော့ သေချာ
မငြိမ်သေးတာလည်း သေချာ ... ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ
ငြိမ်းချမ်းမှုများ စိုးမိုးလျှက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 15 : 6 : 2014 )

Wednesday, June 4, 2014

ဓီရ်မိုခရေဇီ

 
    ဓီရ်မိုခရေဇီ

- တရားပွဲတွေနဲ့အပြိုင်
မတရားမှုတွေ ထွန်းကားတယ်။

- Sky Net ကိုမကြည့်ရဲ
သမ္မတကြီးမိန့်ခွန်းတွေနားမထောင်ရဲ
မိဘပြည်သူများလို့အခေါ်ခံရမှာကို
သွေးပျက်လာတာမဆန်းဘူး…။

- ကျေးဇူးပြုပြီး
ချစ်ခြင်းမေတ္တာအကြောင်းပြောစမ်းပါ
အမုန်းစကားတွေပါလာရင်
အဲ့ဒီပါးစပ်ထဲကို
ပန်းပွင့်တွေအဆုပ်လိုက်
ပစ်ထည့်ချင်လာလို့
အသေခံဗုံးခွဲသမားတစ်ယောက်လို။

- ဒီမှာက လူ့အခွင့်အရေးဆိုတာ
လူသေကောင်ရဲ့မျက်ရည်…
မံမီတွေရဲ့ တေးသွား…
ပြိတ္တာတို့ရဲ့ ရယ်သံလွင်လွင်…။

- ဒို့တာဝန်အရေးသုံးပါးနဲ့တင်
ဖွဲ့စည်းပုံက ပြင်သင့်နေပြီ။
ခုတော့…
အမျိုးသားရေးကိုခုတုံးလုပ်
အောက်တန်းစားနိုင်ငံရေးလှည့်ကွက်နဲ့
ညစ်ပတ်တဲ့စိတ်ဓာတ်တို့ပေါင်းပြီး
ဒီမိုကရေစီဟာ
ပုံဖျက်အသွင်ပြောင်းခံရ…။

- လာပါသူငယ်ချင်း…
စနစ်တကျဖျက်စီးခံထားရတဲ့
မျိုးဆက်တစ်ခုကိုဖောက်ထွက်
စာလုံးပေါင်းသတ်ပုံကအစ
လွဲမှားနေတဲ့ခေတ်ကြီးမှာ
အပြောင်းအလဲတစ်ခုကို
ငါတို့ဆီက စလိုက်ကြရအောင်…။ ။

            မောင်ဆောင်းခ
               ၃ဝ/မေ/၂ဝ၁၄

Friday, May 2, 2014

ဒဏ်


◄ ဒဏ် ►

ခင်ပွန်းသည်တွေက
တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားတဲ့
ဇနီးသည်တွေရဲ့ အသံတွေကို
နားထဲမှာ ခုထိ
စူးစူးနစ်နစ် ကြား ကြားနေတုန်း …။
.
ဇနီးသည်တွေက
သားအတွက်၊ သမီးအတွက်၊ ဇနီးအတွက် စွန့်စားရင်း
မိသားစုအသက်ကို
သူ့အသက်နဲ့ အလဲအထပ်လုပ်သွားသူ
ခင်ပွန်းသည်တွေကို ခုထိ
နင့်နင့်သည်းသည်း အမှတ်ရ ရနေတုန်း …။
.
``အမေရေ …သား..ကြောက်တယ်´´
``အဖေရေ …သမီးကို ..ကယ်ပါဦး´´
ကြားသာ ကြားလိုက်၊ ဘာမှ လုပ်ပေးခွင့်မရလိုက်တဲ့
အဲဒီအသံတွေ အမိအဖတို့နားထဲ ခုထိ
ကျယ်ကျယ်လောင်လောင် တိုး တိုးဝင်လာတုန်း….။
.
ဘယ်တော့မှ ကျောင်းကို မရောက်တော့မယ့်
အဖြူအစိမ်းဝတ်စုံနဲ့ လွယ်အိတ်နွမ်းလေးတွေကို
ပွေ့ ပွေ့ပြီး ``သားရေ …ကျောင်းတွေ ဖွင့်ပြီလေ´´
``သမီးရေ … သမီးလေးရေ ´´လို့
ဆို့ဆို့နင့်နင့် ငို ငိုနေရတုန်း …။
.
ဒါပဲလား …အမှတ်တရဆိုတာ
ဇနီးသည် ငြိကျန်ခဲ့တဲ့ တဘက်ဟောင်းလေးက
တစ်သက်တာ အမှတ်တရတဲ့လား။
.
ရော့.. မင်းတို့ သားအမိတွေ မြဲမြဲတွယ်ထား ဆိုတဲ့
ပလပ်စတစ်ပုံးဟောင်းလေးကရော
ခင်ပွန်းသည် ကိုယ်စားတဲ့လား။
.
မိဖမဲ့ သားတွေ
သားသမီးမဲ့သွားတဲ့ မိဘတွေ
သေလို့ သေသွားကြရတဲ့သူတွေ
မသေပဲ သေသွားကြရသူတွေ
ချီပိုးယုယရမယ့်သူ မရှိတော့တဲ့ အဘိုးတွေ
သူတို့ ပုံပြင်ကို နားထောင်ပေးမယ့်သူ မရှိတော့တဲ့ အဘွားတွေ
တွေ ….
တွေ….
တွေ ….
သူတို့ …သူတို့ တွေရဲ့
အမှတ်တရတွေမှာ
(မဟုတ်ဘူး)
အမှတ်ထင်ထင် ဒဏ်ရာတွေမှာ
သွေးစိမ်းရှင်ရှင်တွေ ခုထိ
စီး စီးကျနေတုန်း…။ ။

ကိုကြည်နိုင်

Wednesday, February 12, 2014

သူပုန်တစ်ယောက် ဖွားမြင်ခြင်း


သူပုန်တစ်ယောက် ဖွားမြင်ခြင်း
+++++++++++++++++
၁၉၁၅ ဖေဖေါ်ဝရီလ ၁၃ရက်
နေမကြပ်ဘူး
လမကြပ်ဘူး
ထူးခြားနမိတ်
နတ်ပြဟိတ်လည်းမရှိဘူး
ငလျင်မလှုပ်ဘူး တော်မလဲဘူး
(အဲဒီတုန်းကညဟာ)
မထူးခြားတဲ့ ခါတိုင်းအညာညတွေလိုပါပဲ
တပေါင်းလေအေး
ညှင်းသွဲ့သာသာသွေးကာတိုက်လို့။

ကြယ်တွေငိုက်မြည်း
အာရုဏ်နီးချိန်
လင်းမှိန်ပြပြ
တပေါင်းညရဲ့
လင်းကြက်တို့တွန်သံနဲ့အပြိုင်
ဘဝဂ်တိုင်အောင်
အာခေါင်ကိုခြစ်

ဟစ်အော်သံနဲ့အတူ
သူ
လူလောကထဲရောက်လာခဲ့တယ်။

လက်သီးကိုဆုတ်
ခြေကိုကုတ်လို့
နီစုတ်တာရဲ
ညိုမဲမဲလေးဟာ
ဟန်နီဘောဝင်စားသူ
မိုက်ကယ်ကောလင်းဝင်စားသူ
နောင်အခါ
နေမဝင်အင်ပါယာကိုဖြိုဖျက်
မြန်မာကိုလွတ်လပ်စေမဲ့သူရယ်လို့
(အဲဒီတုန်းက)
မကျည်းလဲမသိ
ထနောင်းလဲမသိ
အမိဒေါ်စုလဲ မသိခဲ့ပါ။
                                      
                                              အောင်ဇင်လတ်(13-2-2014)

Monday, February 10, 2014

ခေတ်

Photo: ခေတ်
........
အလွဲတွေနဲ့ ပွဲကျနေကြတဲ့လောကထဲ
ငါကပဲ အသက်ရှုမှားနေခဲ့တာလား...၊

တစ်နေ့တခြား များများလာတဲ့
အမနာပ မှိုင်းတွေထဲ
ခေတ်ဟာ...
အရောင်တွေလည်း မွဲ...လို့ ၊

အမှန်တရားခမျာလည်း
ရန်များကိုမရှင်းနိုင်သေးလေတော့
ရွာပြင်ဇရပ်မှာပဲ
မျက်နှာငယ်နေရရှာ...၊

ကြာလေ...နက်လေ
အ၀ိဇ္ဇာအမှောင်ထုတွေထဲမှာတော့
ခွေးဟောင်သံတွေသာ
ပို ဆူ ညံ လာ ခဲ့ ပေါ့ ။

လင်းအောင်ပြည့်

ခေတ်
........
အလွဲတွေနဲ့ ပွဲကျနေကြတဲ့လောကထဲ
ငါကပဲ အသက်ရှုမှားနေခဲ့တာလား...၊

တစ်နေ့တခြား များများလာတဲ့
အမနာပ မှိုင်းတွေထဲ
ခေတ်ဟာ...
အရောင်တွေလည်း မွဲ...လို့ ၊

အမှန်တရားခမျာလည်း
ရန်များကိုမရှင်းနိုင်သေးလေတော့
ရွာပြင်ဇရပ်မှာပဲ
မျက်နှာငယ်နေရရှာ...၊

ကြာလေ...နက်လေ
အ၀ိဇ္ဇာအမှောင်ထုတွေထဲမှာတော့
ခွေးဟောင်သံတွေသာ
ပို ဆူ ညံ လာ ခဲ့ ပေါ့ ။

                                                     လင်းအောင်ပြည့်

Thursday, October 31, 2013

၂၅ နှစ်တာ စာရင်းချုပ်လိုက်တော့


၂၅ နှစ်တာ စာရင်းချုပ်လိုက်တော့

ငါတို့ ဟာ..ငါတို့ကိုယ် ငါတို့ ရှုံးခဲ့တယ်။
သူရဲကောင်းပီသစွာ.ထောင်ချခံနေခဲ့ရတဲ့
 ငါတို့ အတိတ်ကို ငါတို့ ရှုံးတယ်။

သေသွားတဲ့ငါတို့ ရဲဘော်တွေကို
သစ္စာစောင့်သိရိုသေဖို့ အတွက်
 လက်ကျန်သစ္စာတရားကိုသစ္စာရှိဖို့ 
ငါတို့ ဆုံးရှုံးခဲ့တယ်။
ကဲ..
ငါတို့ ရှုံးတယ်
အနှစ်နှစ်ဆယ်ကျော်ကိုငါတို့ ရှုံးတယ်
ကိုယ်ကျိုးရှာ သူတွေနဲ့ တ၀ိုင်းထဲညစာစားနေတဲ့
ငါတို့ ရဲ့ မိတ်ဆွေဟောင်းတွေကိုငါတို့ ဆုံးရှုံးတယ်။
တနေ့  ...မှာ
တရားမျှတမူကို စီရင်ပေးလိမ့်မယ်လို့ 
ငါတို့ ကိုသူရဲကောင်းအမှတ်နဲ့ မျှော်လင့်ခဲ့တဲ့
 ငါတို့ ပြည်သူတွေရဲ့ ယုံကြည်ချက်ကို..ငါတို့ ဆုံးရှုံးတယ်။
ငါဘယ်တော့မှဒူးမထောက်ဖူးဆိုတဲ့
သစ္စာတဲတဲလေး ရှိနေသေးတာလဲလွဲရင်
ခင်ဗျားရှုံးတယ်။
ခင်ဗျားရဲ့ ရဲဘော်ရဲဘက်တွေကိုလဲ
ခင်ဗျားရှုံးတယ်
ခင်ဗျားရဲ့ရွေပြည်တော်အိပ်မက်တွေကိုလဲ
ခင်ဗျားဆုံးရှုံးတယ်
ခင်ဗျားရဲ့ မျော်လင့်ချက်တွေကိုလဲခင်ဗျားရှုံးတယ်
 ခင်ဗျားရဲ့ ကြီးစွာသောပေးဆပ်မူတွေလဲ
အခုအချီးနှီးနဲ့ ....
ဟုတ်တယ်..
ရှုံးနိမ့်မူဟာ..သိပ်ကြမ်းကျုတ်တယ်။
ခင်ဗျားမှာရဲဘော်ရဲဘက်မရှိတော့ဖူး
ယုံကြည်ရတဲ့မိတ်ဆွေမရှိဖူး
နွေးထွေးတဲ့.နိင်ငံတော်တခုမရှိတော့ဖူး
ခင်ဗျား အမေမရှိတော့ ဖူး
ခင်ဗျား...ပြန်စရာအိမ်မရှိတော့ဖူး။
နောက်ဆုံးခင်ဗျားဆက်တိုက်ပွဲဝင်ရမယ့်
တိုက်ပွဲမရှိ တော့ဖူး ။
အဆိုးဆုံးကတော့.ခင်ဗျားဆက်တိုက်ရမယ့်
ရန်သူကိုတောင်ခင်ဗျားဆုံးရှုံးမယ်ဆိုရင်
ခင်ဗျားရှုံးခဲ့တာတွေအားလုံးထက်..ခင်ဗျား ပိုရှုံးတယ်။
သတ်သေဖို့ လား...
အသုဘမှာတောင်.ခင်ဗျားအလောင်းကို
ခွပ်ဒေါင်းလံလွမ်းပေးမယ့်သူမရှိဖူး။
ခင်ဗျားအသုဘကိုပို့ ပေးမယ့်ရဲဘော်စစ်စစ်
တယောက်မှမကျန်ဖူး
ခင်ဗျားဈာပနမှာဆိုရမယ့်
ကမ္ဘာမကြေသီချင်းကို...အားလုံးမေ့သွားပြီ။


၂၅ နှစ်တာ စာရင်းချုပ်လိုက်တော.ခေါင်းဆောင်တွေရဲ.အလိမ်ခံလိုက်ရတာ ပဲအဖတ်တင်တယ်။ 

ဒီဘဝဒီမျှသာ။ သာဓု။သာဓု။

 (ကိုမြင့်အောင် ခေါ် ကိုချက်ကြီး -၂၁၁ ၀မ်ခစခန်း)

Sunday, October 13, 2013

မတူ တူတူ တူ တူတူ တူတူ မ


Photo
                                                     ဆရာ ငြိမ်းစိုးဦး

ပြန်လည်ပြည့်ဖြိုးမြဲ မေတ္တာနဲ့
ကျားကုတ် ကျားခဲ ပိန်လှီတဲ့ ဘ၀လမ်းမှာ
သိတ် မလင်းပါနဲ့အုံး။
အမှုန်အမွှားများတာ မြင်ရရင် ရွံရှာစိတ် ၀င်မှာ စိုးမိပါတယ်
ရေတွေ ဆူပွက် နေတုန်းမှာ ပုံရိပ်ကို မမြင်နိုင်သလို
အချိန်ရှိ အချိန်တိုင်း ဖုံသုတ်ရင်း ပွန်းပဲ့ခဲ့တဲ့ ဘ၀တွေအလယ်
မြင်ကွင်းဟာ ဘယ်ဖက်နဲ့ အေးပြီး ညာဖက်နဲ့ ပူ
ရေတိမ်တစ်ဝက် အမြင်ကို အနည်ချခဲ့ရပါမယ်။
လမ်းကြောင်းလွဲသွားရင်
အရှိန်မြန်လည်း အကျိုးမရှိ ... လို့ ဂန္ဓီကြီးက ပြောခဲ့ပါတယ်
စမ်းရာကမိပြီး ထိရာကငြိအောင် ပညာညွှန်တံဖြင့် မျှားကြပါစေ
နားမှာ တရားနာ ခန္ဓာကို ညာဏ်ဖြင့် ရှုကြည့်ပါ
နေရာအတွက် မဟုတ်ဘဲ စေတနာနဲ့ လုပ်တဲ့အခါ
စောင့်နိုင်လို့ သူခိုးမိတဲ့ အဖြစ်တွေနဲ့ အမှားနည်းလေမလား
မမိတဲ့ သူခိုးတွေလည်း ပုန်းနေကြပါစေ
တစ်ပါးသူ ထိခိုက်သွားဖို့ထက် ကိုယ်တိုင်ဒဏ်ရာမရဖို့ အရေးကြီးမယ်
ခဲဆိပ်သင့်မှာ စိုးရိမ်လို့ ခဲတံတွေကို ဖယ်ခဲ့ပေမယ့်
မိုးရေသွယ်ပိုက်ထဲမှာ ခဲတွေက ဓာတ်ပြုနေတတ်ကြပါတယ်
ရုပ်သေးတွေကနေ စက်ရုပ်တွေ ဆင်းသက်လာခဲ့ကြတာလား
ခြင်္သေ့တွေဟာ အမဲလိုက်ချင်ရင် သမ်းဝေပြတတ်လေ့ရှိပါတယ်
အခုကြုံနေတာတွေက အရင်တွေ့ဖူးတာတွေလို့ မထင်ပါနဲ့
လောကကြီး လှနေတာ မတူတာတွေကို ဆက်စပ်ဖွဲ့စည်းထားလို့ပါ
ဖျက်တာက တည်ဆောက်တာထက် လွယ်တယ်ဆိုပေမယ့်
စနစ်တကျ ပြင်ဆင် ပြောင်းလဲဖို့အတွက်
တူရွင်းတောင်တန်းတွေကို မေးကြည့်နိုင်ပါလိမ့်မယ်
ပွင့်နေတဲ့ အနုပညာကတော့ ရှင်သန်နေဆဲ
အမုန်းဆွဲ ချစ်စရာက ဘယ်တော့မှ မအီ မ၀နိုင်ပါ ... ။

ငြိမ်းစိုးဦး
မြန်မာနှစ်ဆန်းတစ်ရက်နေ့
( April ; 17 ; 2012 )