Pages

Showing posts with label မောင်ဆောင်းခ. Show all posts
Showing posts with label မောင်ဆောင်းခ. Show all posts

Sunday, January 25, 2015

|| မန္တလေးနဲ့ရန်ကုန် ကားတွေဒီလောက်ပေါတာ သူတို့ကဘာလို့လမ်းလျှောက်လာရတာလဲမေမေ… || ( မောင်ဆောင်းခ)

|| မန္တလေးနဲ့ရန်ကုန် ကားတွေဒီလောက်ပေါတာ
  သူတို့ကဘာလို့လမ်းလျှောက်လာရတာလဲမေမေ… ||

ပန်းပွင့်နဲ့ကျောက်တံတိုင်းကိုရိုက်ချလိုက်
စိတ်ဆန္ဒပြင်းရင် မီးပွင့်တယ်
ငါတို့စဉ်းစားနေတာ ငါတို့အတွက်မပါဘူး…။

ကျောင်းသားဆိုတာအာဏာရှင်လူထွက်မဟုတ်ဘူး
ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မယ့်ကိစ္စကို
ဟေးလားဝါးလားလုပ်ရင်း မသိကျိုးကျွံမပြုခဲ့ဘူး…။

ငါတို့ရဲ့ခြေဖဝါးတွေ၊ ခွန်အားတွေနဲ့
လှေကားတွေအထစ်ထစ်တက်ပြီး
သမိုင်းကို ပီသအောင်ရေးခြစ်ခဲ့မယ်…။

ငါတို့ကိုယ်တိုင်
ကျေကျေနပ်နပ်ကြီး အညွန့်ချိုးခံနေတာက
နောင်လာမယ့် အနာဂတ်မျိုးဆက်တွေ
အခက်အလက်ဖြာဖို့ပဲ ရဲဘော်…။

အို …
ကျောင်းသားရဲဘော်အားလုံးတို့
ဒီလမ်းမှာ ငါတို့ကျဆုံးခဲ့ရင်တောင်
တော်လှန်ရေးကြီးအောင်မြင်ရမယ်လို့
ကတိသစ္စာပြုပါတယ်…။

-မောင်ဆောင်းခ
24/Jan/2015

Wednesday, June 4, 2014

ဓီရ်မိုခရေဇီ

 
    ဓီရ်မိုခရေဇီ

- တရားပွဲတွေနဲ့အပြိုင်
မတရားမှုတွေ ထွန်းကားတယ်။

- Sky Net ကိုမကြည့်ရဲ
သမ္မတကြီးမိန့်ခွန်းတွေနားမထောင်ရဲ
မိဘပြည်သူများလို့အခေါ်ခံရမှာကို
သွေးပျက်လာတာမဆန်းဘူး…။

- ကျေးဇူးပြုပြီး
ချစ်ခြင်းမေတ္တာအကြောင်းပြောစမ်းပါ
အမုန်းစကားတွေပါလာရင်
အဲ့ဒီပါးစပ်ထဲကို
ပန်းပွင့်တွေအဆုပ်လိုက်
ပစ်ထည့်ချင်လာလို့
အသေခံဗုံးခွဲသမားတစ်ယောက်လို။

- ဒီမှာက လူ့အခွင့်အရေးဆိုတာ
လူသေကောင်ရဲ့မျက်ရည်…
မံမီတွေရဲ့ တေးသွား…
ပြိတ္တာတို့ရဲ့ ရယ်သံလွင်လွင်…။

- ဒို့တာဝန်အရေးသုံးပါးနဲ့တင်
ဖွဲ့စည်းပုံက ပြင်သင့်နေပြီ။
ခုတော့…
အမျိုးသားရေးကိုခုတုံးလုပ်
အောက်တန်းစားနိုင်ငံရေးလှည့်ကွက်နဲ့
ညစ်ပတ်တဲ့စိတ်ဓာတ်တို့ပေါင်းပြီး
ဒီမိုကရေစီဟာ
ပုံဖျက်အသွင်ပြောင်းခံရ…။

- လာပါသူငယ်ချင်း…
စနစ်တကျဖျက်စီးခံထားရတဲ့
မျိုးဆက်တစ်ခုကိုဖောက်ထွက်
စာလုံးပေါင်းသတ်ပုံကအစ
လွဲမှားနေတဲ့ခေတ်ကြီးမှာ
အပြောင်းအလဲတစ်ခုကို
ငါတို့ဆီက စလိုက်ကြရအောင်…။ ။

            မောင်ဆောင်းခ
               ၃ဝ/မေ/၂ဝ၁၄