Pages

Showing posts with label ငြိမ်းစိုးဦး. Show all posts
Showing posts with label ငြိမ်းစိုးဦး. Show all posts

Saturday, March 7, 2015

ငြိမ်းချမ်းရေးကဗျာ( ငြိမ်းစိုးဦး)

 
သက်တံတွေကို ရက်လုပ်ဖို့
အလင်းချည်မျှင်များ လိုအပ်ကြောင်း
ယမ်းနံ့တွေက လေထဲမှာ ပျံဝဲနေကြတယ်။

အမှားဖက်ရင်း အဖားမက်တော့ အဖက်မှားကြ
ပြင် ပုံ မှား အ တော့ အ မှား ပုံ ပြင်
ပြင်မှာလား ၊ အင်မှာလား
သတ်မှာလား ၊ ဖြတ်မှာလား
ရိုးသားမှာလား ၊ ခိုးစားမှာလား
ဖမ်းမှာလား ၊ ရမ်းမှာလား
သစ်မှာလား ၊ ညစ်မှာလား
right မှာလား ၊ ပုတ်မှာလား
ပုတ်ထဲက အပုပ်တွေကို ပုတ်ထုတ်နိုင်ရမယ်။
 

သမိုင်းထဲက အနုပညာစိတ်ဟာ တန်ဖိုးကြီးပါတယ်
မငြိမ်းချမ်းလို့ ငြိမ်းချမ်းရေးကဗျာ ရေးရတာလား
ကြည်လင်သန့်စင်သွားတဲ့ ဝန်းကျင် ဖြစ်တဲ့အခါ
အနာဂတ် ကြယ်ပန်းရောင်စုံကို
ငြိမ်းချမ်းရေးကဗျာနဲ့
ပွဲတော်တည်စေချင်ပါတယ် ။ ။


                    ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 29 ; 10 ; 2015 )

*** ကဗျာချစ်သူများအသင်း PLA မှ ( လေးနှစ်ပြည့် ) အမှတ်တရ
ထုတ်ဝေသည့် " ငြိမ်းချမ်းရေးကဗျာ ၁၀၀ " စာအုပ်တွင် ပုံနှိပ်ဖော်ပြ
ထားသော ကဗျာ ဖြစ်ပါသည် ။

Saturday, February 21, 2015

ဗိုလ်ချုပ်အောင်ဆန်း ငြိမ်းချမ်းပါစေ

                                        ဗိုလ်ချုပ်အောင်ဆန်း ငြိမ်းချမ်းပါစေ

လွတ်လပ်ရေးသည် ပထမ ၊ ဒီမိုကရေစီရေးသည် ဒုတိယ
ဗဟိုချုပ်ကိုင်မှုမှာ အဖက်ဖက် ယိုယွင်းလာတော့ သတိရ
ဒီမိုကရေစီရရှိရေး ... ဒို့အရေး ၊ ပြည်သူတွေ ရွတ်တဲ့အခါ
ကြိုးတုတ်ခံရသူတွေကြား အာဏာ တိုင်ဦးတမ်း ကစား
သွေးသားကို တတားခင်းပြီး ပိပြားစေ ဘေးတိုက်သွား ... ကနန်း ။

အခြေခံတွေ တည်ဆောက်ပေးတယ် ပြောလိုက်
သက်တမ်းနုပါသေးတယ် ပြောလိုက်
ဖွတ်ထွက်မှ တစ်ယုတ်မှန်းသိရတဲ့ လောက်ကိုင်နှယ်
ဘယ်ယိမ်း ညာပြန်နဲ့ အရင်တစ်မျိုး ခုတစ်မျိုးပြောင်း ... ကိုင်းပင် ။

စာရင်းပိတ်ရင် ကွက်တိပဲ ဈေးသည်ကြီး ဆန်နီ
မြတ်တယ်ဆိုရင်း တိုင်းပြည်ဟာ လူမွဲဖြစ်ခဲ့ရ
ကြောရိုး စွမ်းအားရှင်တွေမှာ လက်ကြားယို ခေါင်းညိတ် ... ပုတ်သင် ။

အနောက်ကိုပိတ်ပြီး အရှေ့ကိုဖိတ်ရင်း လက်ဝါးခြင်းရိုက်
သယံဇာတအမွေကို ထုစိပ်ခွဲဝေလိုက်
ဥပဒေကိုချိတ်ပိတ်လို့ အာဏာပြီးတော့ ဥစ္စာယက်တယ် ... လိပ် ။

တည့်တည့်ထိပါတယ် ပညာတွေ မြေမှာမှောက်
နယ်လှည့်ပါးရိုက်ပြီး Bullet နဲ့ ခေါ်မယ်
ကျုပ်စီမံပေးမယ် ရောင်းပါ တောအော်တောင်အော် ... နွားသိုး ။

လူမျိုးရေးလား ၊ ဘာသာတရားလား ၊ သမိုင်းလား
သွန် မှောက် ဖျောက် ၊ ယတြာတော့ဆောင်မယ် ... ခွေးအ ။
ဗိုလ်ချုပ် မမြင်ရ မကြားရလို့ တော်သေးတာ။

ထကြွ နေပါတယ် ။ စစ်အမြင်ရှိမှ သမ္မတ ဖြစ်နိုင်မယ်
နိုင်ငံသား တိုင်းရင်းသားတို့ရဲ့ ပိုင်ဆိုင်ခွင့်က လေထဲမှာ
နိုးကြား နေပါတယ် ။ အမြတ်ထုတ်ဖို့ ဘာ လုပ် လုပ်
နောက်ကြောင်းပြန် ပြစ်ဒဏ်မရှိရ ၊ ထောက်ပံ့ကြေးပါပေးခဲ့
သနား တတ်ပါတယ် ။ 
LDC ရဲ့ ပြည်သူများကို
အိမ်ဖော် လုပ်ခွင့်ပြု ၊ သုံးသိန်းအောက် ကန်တော့ခံဝန်ထမ်းဖြစ်စေ
ဘေးသင့်ရာ ကယ်ဆယ်လို့ ဖျောက်ဖျက်မှုနဲ့ တရားစွဲပေးခဲ့
သည်းခံ တတ်ပါတယ် ။
 နိုင်ငံရဲ့ စွမ်းအား အရင်းအမြစ်များ
ဝမ်းကိုဖောက် ဦးနှောက်ဖဲ့ ၊ ပွဲစားခစာချုပ်နဲ့ စေတနာများ
ဝေဖန်ခဲ့ပါတယ် ။ မိန့်ခွန်းစာရင်းထဲမှာ အရာရာပြည့်စုံ
အကြွေမရှိအောင် အိပ်စွပ် တိပ်ကပ် ငွေစက္ကူများကို ခြွေတာ
ဗူးပေါက်တာ သာမည ၊ ရေပါတာ အဓိက
ထောက်ရှုခဲ့ပါတယ် ။ ဥပဒေကဲ့သို့ အမိန့်တွဲများ
ပြည်သူတွေခါးညွှတ်ဖို့ တစ်ဖက်ပိတ်ပြတဲ့ စီဒီ
ဒုက္ခသည် စခန်းနဲ့ အလှူရှင်တွေနဲ့
ယနေ့ခေတ်သည် ပညာခေတ် လို့ ကမ္ဘာကြီးက အော်နေချိန်မှာ
ပညာရေး ရင်းနှီးမြှုပ်နှံမှုမှ ဘာအကျိုးအမြတ်မှ မရ
ပဒေသရာဇ်အတွေးအခေါ်နဲ့ ဒီမိုကရေစီကို မိတ်ဖွဲ့
မမြင်ရ မကြားရလို့ တော်သေးတာ
ဗိုလ်ချုပ်အောင်ဆန်း ငြိမ်းချမ်းနေမှာပါ ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ
( FEB 20 ; 2015 )

Wednesday, July 9, 2014

အရင်ကလည်း ဒီဝါကျပါပဲ ( ငြိမ်းစိုးဦး)


အာကာကို လွှာပုံပြုလို့ မေယုကိုတဲ့ စုတ်တံချီ
ဒီအကွက်တွေ ရိုးနေပြီလို့ အများက သိကြပါတယ်
လျှပ်လက်တာကို မြင်ပြီး နေမင်းကို မေ့ပစ်သလို
စစ်ပွဲရဲ့ အသက်ဟာ လက်နက်နဲ့ အနိုင်ယူမှု
တီကောင်က ငါးကိုတော့ ရစေနိုင်ပါတယ်
ပြည်သူလူထုရဲ့ အသက်ဟာ ငြိမ်းချမ်းရေး
ဘရိတ်မပါတဲ့ ယာဉ်ကို မစီးရဲတာ အပြစ်ဆိုမှာလား
တော် တော် ငံ နိုင် တဲ့ နိုင် ငံ တော် တော်
ရေငတ်မပြေအောင် အာဏာတွေ ငတ်နေကြ
လမ်းမှာ ကလေးတွေက ဝမ်းစာ ရှာနေကြတယ်
လေအေးစက်နဲ့ လူကြီးတွေက တွက်ချက်နေကြတယ်
အများက သူခိုးကို ဖမ်းချင်ကြပါတယ်
တရားခံကို ရှာပါ ။ ဝေ ဝူ ၊ ဒူ ဝူ ဝူ ၊ နောင် ဝေ ဝေ
ခိုးထပ်လို့ ထပ်ခိုးမှာ ထိုးခတ် နေ
မီးအိမ်တို့ ကွဲပြားသော်လည်း အလင်းရောင်က
အတူတူပါ ... ဟု Rumi ကပြောပါသည် ။
ဖွေးဖွေးလက်နေတာ အလင်းတွေလား ၊ အစွယ်တွေလား
မြင်နေရတာတွေက အစစ်တွေလား ၊ စစ်တွေလား
ပလာစတာကပ်ပြီး စတာပလာနဲ့ချုပ်လို့ အမြတ်ထုတ်တာလား
အာဏာရှင်က သိမ်းသွားတဲ့ ဘဝကို ပြန်ရွေးလို့ ရနိုင်ပါ့မလား
ဘယ် ညာ ဘယ် ညာ ယိမ်းဟာ ရသေ့ရှစ်သောင်းထက် များခဲ့ပြီ
နှလုံးသား မှုန်ခြင်း တုန်ခြင်း သီးခံပါ
ရွေးချယ်စရာ မေတ္တာ မာဆင့်တွေ များမှများ ... ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 8 : 7 : 2014 )

Sunday, June 15, 2014

ရိုး ရှင်း ရန် (ငြိမ်းစိုးဦး)



ရိုး ရှင်း ရန်

မိဘတို့စကား နားမှာစွဲ ... ။
ဖက်ဆစ်စနစ် ခေတ်ပျက်တုန်းမှာ
ဘယ်နေရာမဆို ဘယ်အချိန်မဆို
သူတို့အလိုမကျရင် ရိုက်ပုတ်
ဖမ်းဆီး ချုပ်နှောင် ရေနွေးပူလောင်း
လက်သည်း ခြေသည်း အခွံခွာ
ဒို့မြန်မာတွေ အသေနာခဲ့ရသတဲ့ ။
ငတ်မွတ် ကျပ်တည်းမှုတွေကြား
အသားထဲက သန်းကြီးမတွေ ထွက်လာသလား
ဝဲနာ ယားနာတွေထူ
လူတွေ အငြိမ်မနေရဘူး ... တဲ့ ။
အမြီးပြတ် , ခွေးရူးတွေဟာ
လူတွေကို ကိုက်တတ်ပါသတဲ့ ။
ပြည်မြန်မာရဲ့ ခုချိန်ခါ
သန်း မဟုတ်တော့ပေမယ့်
အပြုတ်ခြွေတဲ့ ဟင်္သာကိုးသောင်းဇာတ်ဆောင်
အစိမ်းရောင်ထုတ်ကုန်တွေ တဖွားဖွား
လောက်များက အသားထဲမှာ အလန်း
Alarm ပေးထားသလို အသိနဲ့
မငြိမ်းသေးတာတော့ သေချာ
မငြိမ်သေးတာလည်း သေချာ ... ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ
ငြိမ်းချမ်းမှုများ စိုးမိုးလျှက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 15 : 6 : 2014 )

Sunday, October 13, 2013

မတူ တူတူ တူ တူတူ တူတူ မ


Photo
                                                     ဆရာ ငြိမ်းစိုးဦး

ပြန်လည်ပြည့်ဖြိုးမြဲ မေတ္တာနဲ့
ကျားကုတ် ကျားခဲ ပိန်လှီတဲ့ ဘ၀လမ်းမှာ
သိတ် မလင်းပါနဲ့အုံး။
အမှုန်အမွှားများတာ မြင်ရရင် ရွံရှာစိတ် ၀င်မှာ စိုးမိပါတယ်
ရေတွေ ဆူပွက် နေတုန်းမှာ ပုံရိပ်ကို မမြင်နိုင်သလို
အချိန်ရှိ အချိန်တိုင်း ဖုံသုတ်ရင်း ပွန်းပဲ့ခဲ့တဲ့ ဘ၀တွေအလယ်
မြင်ကွင်းဟာ ဘယ်ဖက်နဲ့ အေးပြီး ညာဖက်နဲ့ ပူ
ရေတိမ်တစ်ဝက် အမြင်ကို အနည်ချခဲ့ရပါမယ်။
လမ်းကြောင်းလွဲသွားရင်
အရှိန်မြန်လည်း အကျိုးမရှိ ... လို့ ဂန္ဓီကြီးက ပြောခဲ့ပါတယ်
စမ်းရာကမိပြီး ထိရာကငြိအောင် ပညာညွှန်တံဖြင့် မျှားကြပါစေ
နားမှာ တရားနာ ခန္ဓာကို ညာဏ်ဖြင့် ရှုကြည့်ပါ
နေရာအတွက် မဟုတ်ဘဲ စေတနာနဲ့ လုပ်တဲ့အခါ
စောင့်နိုင်လို့ သူခိုးမိတဲ့ အဖြစ်တွေနဲ့ အမှားနည်းလေမလား
မမိတဲ့ သူခိုးတွေလည်း ပုန်းနေကြပါစေ
တစ်ပါးသူ ထိခိုက်သွားဖို့ထက် ကိုယ်တိုင်ဒဏ်ရာမရဖို့ အရေးကြီးမယ်
ခဲဆိပ်သင့်မှာ စိုးရိမ်လို့ ခဲတံတွေကို ဖယ်ခဲ့ပေမယ့်
မိုးရေသွယ်ပိုက်ထဲမှာ ခဲတွေက ဓာတ်ပြုနေတတ်ကြပါတယ်
ရုပ်သေးတွေကနေ စက်ရုပ်တွေ ဆင်းသက်လာခဲ့ကြတာလား
ခြင်္သေ့တွေဟာ အမဲလိုက်ချင်ရင် သမ်းဝေပြတတ်လေ့ရှိပါတယ်
အခုကြုံနေတာတွေက အရင်တွေ့ဖူးတာတွေလို့ မထင်ပါနဲ့
လောကကြီး လှနေတာ မတူတာတွေကို ဆက်စပ်ဖွဲ့စည်းထားလို့ပါ
ဖျက်တာက တည်ဆောက်တာထက် လွယ်တယ်ဆိုပေမယ့်
စနစ်တကျ ပြင်ဆင် ပြောင်းလဲဖို့အတွက်
တူရွင်းတောင်တန်းတွေကို မေးကြည့်နိုင်ပါလိမ့်မယ်
ပွင့်နေတဲ့ အနုပညာကတော့ ရှင်သန်နေဆဲ
အမုန်းဆွဲ ချစ်စရာက ဘယ်တော့မှ မအီ မ၀နိုင်ပါ ... ။

ငြိမ်းစိုးဦး
မြန်မာနှစ်ဆန်းတစ်ရက်နေ့
( April ; 17 ; 2012 )

Sunday, August 25, 2013

ပွဲ

ပွဲ

သွားလိုက်ကြတာ လူတွေမနည်း
ဒါပေမယ့် ... လုပ်ပွဲတော့ မဟုတ်ဘူး ။
ငွေမိုး ရွှေမိုး စိန်မိုးတွေ ရွာလို့ သူဦး ကိုယ်ဦး အလုအယက်
လောဘတက်တဲ့ပွဲလည်း မဟုတ်ဘူး ။
လူတွေဟာ ကိုယ့်အိမ်ထဲမှာ ငြိမ်းချမ်းစွာ နေချင်ကြတာပါ
ကိုယ့်အိမ်ထဲမှာ နေရင်း ၊ ကိုယ့်အလုပ်တာဝန် ကျေပွန်ရင်း
လူသားအဖြစ်မှ လျှော့ကျ ၊ ဘ၀တွေ နစ်မွန်းတဲ့အခါ
လမ်းအမှားတွေကို ရှောင်ကွင်းဖို့
လမ်းပေါ်ကို ဆင်းခဲ့ကြတာပါ ။
အသွေးနဲ့ အသားနဲ့ အကြောနဲ့ အရိုးနဲ့ အရှက်နဲ့ အသက်နဲ့ လူ
အကြမ်းဖက် တိုက်ခိုက်ရေးဆိုတာ မသိတဲ့ လူ
အဲဒီ ပြည်သူတွေ စုဝေးခဲ့ကြတယ်
တစ်သံတည်း ကြွေးကြော်ခဲ့ကြတယ်
“ အာဏာရှင်စနစ် ပျက်သုဉ်းရေး ... ဒို့အရေး ဒို့အရေး ”
“ ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး ဒို့အရေး ”
အဲဒီအရေးတွေနဲ့ ခေတ်သမိုင်း အစဉ်အလာ
သန်မြန်ခဲ့တာ ဒို့မြန်မာ ဆိုတဲ့ ဂုဏ်ဆောင်ဖို့
နှောင်ဖွဲ့ခဲ့ကြတဲ့ လုပ်သားပြည်သူများ
တပ်ဦးမှာ ခွပ်ဒေါင်းအလံ ၀င့်ဝင့်ကြွား
လှမ်း ကြည့် သွေးနီ စက်စက် နီသွေး ကြည့် လှမ်း
လမ်းတွေ ထွင်ခဲ့ ၊ လမ်းတွေ ပြင်ခဲ့
လမ်းတွေဖောက်ခဲ့ ၊ လမ်းတွေ ရောက်ခဲ့
သွားလိုက်ကြတာ လူတွေ မနည်း တသဲသဲ
မြန်မာ့ အမျိုးသား ဒီမိုကရေစီ အောင်ပွဲ
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုပွဲ ... ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...

( 1 ; 8 ; 2013 )
www.nyeinsoeoo.com
လပွတ္တာမြို့ ဧဒင်ဥယျာဉ်ခန်းမတွင် ( 8 ; 8 ; 2013 ) ရက်နေ့၌ ပြုလုပ်မည့်
ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုပွဲအခမ်းအနားတွင်
ကိုယ်တိုင်ရွတ်ဆိုမည့် ကဗျာ ဖြစ်ပါသည် ။

 ရွှေဒေါင်းတောင်မဂ္ဂဇင်း တွင် ( 4 ; 8 ; 2013 )
ရက်နေ့မှ စတင်ကာ ဖော်ပြထားသော ကဗျာ ဖြစ်ပါသည် ။