Pages

Sunday, March 31, 2013

Good Bye နာဂစ်



မေဇူး သီဖွဲ့သည်

Good Bye နာဂစ်


နာမည်ဆိုးနဲ့  ကျော်ကြားဖို့ 
ငါတို့ ဘ၀ထဲ မင်းဝင်ခဲ့တာလား
နာဂစ်ရယ်။

ရက်စက် ကောက်ကျစ်လှတဲ့
မြွေတစ်ကောင်လို
မင်းရဲ့ ရိုက်ချက်မှာ
အများက မှင်သက်
ငါတို့ အားလုံးလည်း အံ့သြ
ကမ္ဘာက ငေးမောမိလောက်အောင်
မင်း ချွေချခဲ့တဲ့အသက်တွေ ……………။

မြန်မာပြည်ကို နာမည်ဆိုးနဲ့ 
မင်းမွှေနှောက်လို့ 
ငါတို့ ပြည်သူတွေ
ရေကြည်လည်း နောက်ခဲ့ရ
အိမ်တိုင်လည်း ပျောက်ခဲ့ရ
အမိမဲ့သား
ရေနည်းငါးတွေ
နေရာအနှံ့  ပျံ့ လွင့်ခဲ့ရပြီ။

ကိုယ်တိုင် ရင်မဆိုင်ခဲ့ရပေမဲ့
"နာဂစ်ကယ်ဆယ်ရေး" ခေါင်းစဉ်အောက်မှာ
မင်းရဲ့ ရက်စက်မှုကို
မျက်ဝါးထင်ထင် သိခွင့်ရခဲ့ ..….။

မြစ်ကမ်းစပ်နား ချုံတိုင်ကြားမှာ
တင်ကျန်နေတဲ့ အ၀တ်စတွေ
ဖောင်းပွ ဖောသွပ်နေတဲ့ ရေနစ် ကျွဲနွားတွေ၊
လေထုထဲမှာ လှိုင်သင်းနေတဲ့
မင်းပေးခဲ့တဲ့
ရက်စက်ခြင်း သက်သေ
မကောင်းတဲ့ အနံ့ အသက်တွေ၊
စာသင်ကျောင်းလေးတွေမှာ
စာအုပ်တွေ ဝေပြန်တော့
"တအိမ်လုံးမှာ ကျွန်တော် တစ်ယောက်ပဲ လွတ်တာ
သမီး တစ်ယောက်ပဲ ကျန်ခဲ့တာ
ငါ့ကလေးတွေကျောင်းတက်ဖို့ တောင်
မကျန်ခဲ့တော့ပါဘူး” ဆိုတဲ့
အပြစ်မဲ့တဲ့ ရှိုက်သံတွေ ……….။

မင်းသိပ်ရက်စက်ပါလား နာဂစ်ရယ်
မင်း ကျီစယ်ခဲ့တဲ့ နာရီပိုင်းအတွင်းက
ဘ၀များစွာ လွင့်ကြွေခဲ့ရ၊
ပြန်မရနိုင်တော့တဲ့ ဘ၀၊စည်းစိမ်၊အသက်တွေ
ငါတို့ ဘယ်လိုပဲ နှစ်သိမ့်ပေးဆပ်ခဲ့ပေမဲ့
ပျောက်ဆုံးသွားတဲ့ သူတို့ ဘ၀တွေက
အမှန်တကယ်ရော အစားထိုးလို့  ရပါ့မလား။

ညရောက်မှာ
ကြောက်နေတဲ့ အဖိုးအဖွားတွေ၊
တိုးဝင်စရာ မိဘရင်ခွင်
မရှိတော့တဲ့ ကလေးငယ်တွေ၊
ရင်ခွင်ထဲ ထွေးပိုက်စရာ
မရှိတော့တဲ့ မိဘတွေ၊
ဒီလူတွေအားလုံးက
မင်းကို အမြဲသတိရ
နာကြည်းနေကြတယ်
နာဂစ်ရယ်။

၃နှစ်ဆိုတဲ့ အချိန်ပြည့်ခဲ့ပေမယ့်
မင်းကြောင့်
ဒုက္ခရောက်သူတွေအတွက်တော့
ဆုတောင်းခြင်းပဲ ငါတို့ တတ်နိုင်ခဲ့။

မင်းကို တစ်ခုပဲ
ငါတို့ မှာပါရစေ နာဂစ်ရေ။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
ငါတို့ ဘ၀ထဲကို
မင်း ဘယ်တော့မှ
ပြန်မလာပါနဲ့ တော့လို့  ………။

မေဇူး

30.4.11

Monday, March 25, 2013

► ခေတ်ပျက်ကြီးထဲမှာ လူပြက်တွေအဖြစ် ငါတို့ အသုံးတော်ခံကြတယ် ◄

ဓားကို ကျောက်တုံးပေါ်တင်သွေးမယ့်အစား
ဓားကို စာအုပ်တွေပေါ် တင်သွေး
ဓားကို ကိုယ်ချင်းစာတရားပေါ် တင်သွေး
ဓားကို မျက်ရည်နဲ့သုတ်ပြီး သွေး
တောစပ်ကလေးမှာမီးကျွမ်းနေတာ ငါ့အဖေ
ဘောလုံးကွင်းထဲမှာ စုပြုံကြပ်ညပ်နေတာ ငါ့အမေ
ကြောက်လန့်တကြားပြေးထွက်လာတာ ငါ့ညီလေး
ဒါပဲ မလား။ ဒါလေးပဲမလား။
ဓားကို ဆင်ခြင်တုံတရားပေါ်တင်သွေးစမ်းပါ။

ငါတို့ လူငယ်ဘ၀ဟာ စစ်ပွဲတွေကိုဆန့်ကျင်ကြ
ငါတို့ လူငယ်ဘ၀ဟာ အာဏာရှင်ကိုဝိုင်းဆဲကြ
ငါတို့ လူငယ်ဘ၀ဟာ အနုပညာမှာတိမ်းမူးကြ
ငါတို့ လူငယ်ဘ၀ဟာ ငြိမ်းချမ်းရေးလိုဂိုကိုခေါင်းမှာပတ်ထားကြ
ဒါမှ ငါတို့လူငယ်ဘ၀ကို နှောင်းလူငယ်တွေက စကားထဲထည့်ပြောကြ
အခုတော့..........
လူကိုလူကသတ်နေတာ
လူကိုလူကရိုက်နေတာ
လူကိုလူကပစ်နေတာ
ငါတို့ လူငယ်ဘ၀ဟာ ကျည်ဆံရာဗရပွနဲ့။
ငါတို့ လူငယ်ဘ၀ဟာ မီးလောင်ပြင်မဲမဲနဲ့။
ငါတို့ လူငယ်ဘ၀ဟာ သွေးသံရဲရဲနဲ့။
ငါတို့ လူငယ်ဘ၀ဟာ
မဟုတ်တဲ့နေရာမှာ ကမ္ဘာကျော်တဲ့ တိုင်းပြည်ကိုရွံရှာခြင်းနဲ့။

ဂျပန်ကဖမ်းမိတဲ့နျူကလီးယားပစ္စည်းတွေအကြောင်း
ဆွေးနွေးပွဲနှစ်ကြိမ်အပြီးမှာ တိုက်ပွဲပေါင်း ၁၄၅ ပွဲထပ်ဖြစ်ခဲ့တဲ့အကြောင်း
အားကစား အစား အရက်ဘီယာမှာ ရွှေတံဆိပ်တွေရနေတဲ့အကြောင်း
အဖြူအစိမ်းနဲ့တောင် အပစ်ခံရတဲ့ကောင်မလေးအကြောင်း
နိုင်ငံကိုဖြတ်သွားတဲ့ချုပ်ရိုးကြောင်းကြီးအကြောင်း
ငါတို့နိုင်ငံသား ၁၀ရာခိုင်နှုန်းဟာ ပြည်ပမှာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နေကြောင်း
လူတစ်ယောက်ဟာ အိမ်ခေါ်ပြီးမအေနှမဆဲခံရ၊ပါးရိုက်ခံရတဲ့အကြောင်း
သင်္ကြန်မှာလှိမ့်ဝင်လာမယ့် ကာမစိတ်ကြွဆေးတွေအကြောင်း
မုဒိမ်းကျင့်ခံလိုက်ရတဲ့ လယ်မြေတွေအကြောင်း
ကျောင်းပေါ်ကနှင်ချခံရတဲ့ ဆရာတော်တွေအကြောင်း
ကားပေါ်ကနေ ငေးနေတဲ့ သံမဏိအမျိုးသမီးကြီးရဲ့မျက်ဝန်းအကြောင်း
ကမ္ဘာ့စာရင်းဇယားတွေမှာ ငါတို့နိုင်ငံသားယောက်ျားတစ်ယောက်ဟာ
တစ်နှစ်ပတ်လုံးပျမ်းမျှ ၀င်ငွေ ၁၀၄၇ ဒေါ်လာသာ ရှိတဲ့အကြောင်း
ဒီအကြောင်းတွေမှာ
လက်ဖက်ရည်ဆိုင်အထိုင်မပျက်၊ ဘောလုံးပွဲလောင်းမပျက်
မာဆက်အသွားမပျက်၊ ကာရာအိုကေအဆိုမပျက်၊ ဖုန်းပြောမပျက်
နေထိုင်ခဲ့ကြတဲ့ တံဆိပ်ကပ်ဘာသာဝင်တွေပါ။
အခုမှပဲ ကမ္ဘာကြီးပေါ် ခွေးလိုတက်ဟောင်
အခုမှပဲ မျိုးချစ်စိတ်တွေ ဆီးဟောင်းနံ့လို ထောင်းထောင်းထ
အခုမှပဲ အမှန်တရားကို ပုဆိုးလှန်ပြ
ကိုယ်ချင်းစာတရားဟာ အုတ်ခဲကျိုးတွေ၊ ပြာမှုန်ပြာစတွေကြားမှာ
အစရှာမရတော့ဘူး။

ဘယ်လိုမျက်လုံးနဲ့ ငါတို့မြင်ကြမှာလဲ
သူတို့အနာ သူတို့ဒဏ်ရာဟာ
ထမင်းထုပ်လေးတစ်ထုပ်နဲ့ ပျောက်ရောလား
ရွက်ဖျင်တဲလေးတစ်တဲနဲ့ ပျောက်ရောလား
အားပေးစကားလေးတစ်ခွန်းနဲ့ ပျောက်ရောလား
သူတို့အနာ သူတို့ဒဏ်ရာဟာ
မနက်မိုးလင်းတိုင်းမှာ စိတ်ကိုတစ်လွှာချင်း
ခွာချနေမယ့် သမိုင်း။
ညကို ဆွဲကြိုးချနေမယ့် အိပ်မက်။
ပြောတိုင်း တဆတ်ဆတ်တုန်နေမယ့် နှုတ်ခမ်း။

ဘယ်တရားဓမ္မမှာ နံပါတ်တွေရှိခဲ့တာလဲ
သိဒ္ဓတ္ထမင်းသားဟာ နန်းတော်ကအထွက်မှာ နံပါတ်တွေရေးခဲ့သလား
ခရစ်တော်ယေရှုဟာ ကားစင်ပေါ်မှာနံပါတ်တွေရွတ်နေသေးလား
တမန်တော်မိုဟာမက်ဟာ နံပါတ်တွေအကြောင်းပြောပြခဲ့တာလား
လူလိုစားရင် လူလိုတွေးစမ်းပါ
လူကျင့်တရားမှာ ကိုယ်ကျင့်တရားကပ်စမ်းပါ

ခေတ်အဆက်ဆက်ဓားတွေအောက်မှာနေလိုက်
ခေတ်အဆက်ဆက်သေနတ်တွေအောက်မှာနေလိုက်
ငါတို့ခေတ်ဟာ အခုမှစထွက်ဖို့ အထုတ်အပိုးပြင်နေရုံလေးတင်ပါ
ငါတို့သားသမီး ငါတို့မြေးမြစ်တို့ရဲ့သမိုင်းကို
ပန်းခင်းကြီးထဲမှာ ငှက်ကလေးတွေပျံနေသလို
စမ်းရေအေးတွေစီးနေသလို ဖန်တီးထားခဲ့ချင်တယ်။
ကြောက်တယ်...သူတို့အတွက် ငါတို့ကြောက်ရမယ်။

သမိုင်းမှတ်တမ်းရုပ်ရှင်ရိုက်ရင် နိုင်ငံတကာဆုတွေချိတ်လို့။
ကမ်းလင့်နေတဲ့ဓာတ်ပုံတွေဟာ ပူလစ်ဇာဆုတွေချိတ်လို့။
ဒီထက်ဘာများ အကျိုးအမြတ်ရှိမှာလဲ
မည်းတူးညှော်ရော်နေတဲ့စိတ်နဲ့ပဲ
မျက်လုံးအောက်အနားကို ပွတ်သုတ်
ငါတို့မနက်ခင်းကို ငါတို့လင်းကြမယ်
ဥပနိဿယပစ္စယော.....။



ဟိန်း
၂၄.၃.၂၀၁၃

ဥပနိဿယပစ္စယော = သတ္တ၀ါအားလုံးသည် မကောင်းသောပညတ်၊နာမ်ရုပ်တရားတို့နှင့် မကောင်းသောမိဘ၊ ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့ ၌ အားကြီးသောမှီခိုရာအဖြစ် အမှီမပြုကြဘဲ ကောင်းမြတ်သောပညတ်၊ နာမ်ရုပ်တရားများနှင့် ကောင်းမြတ်သော မိဘ၊ ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌သာ အားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုးအမျိုးမျိုးတို့ ကိုသာ ခံစားရရှိနိုင်ကြပါစေ။

www.heinnfivestrings.blogspot.com

Saturday, October 13, 2012

သေမင်းနဲ့ ရင်ဆိုင်နေရတဲ့ လက်ပံတောင်းတောင်

သေမင်းနဲ့  ရင်ဆိုင်နေရတဲ့  လက်ပံတောင်းတောင်

လက်ပံတောင်းတောင်
လျှိုမြောင်စိမ့်စမ်း
စိန်းလန်းစိုပြေ
သည်တောင်ရဲ့ အခြေအနေကို
အဝေးကနေမှန်းမျှော်ရမ်းရော်လို့  ကြည့်ရအောင်ပါ
မုံရွာမြို့ရဲ့  တစ်ဖက်ကမ်း
ညနေချမ်းချိန်ခါမှာ
အလှတွေဝေဖြာလို့
မြေကမ္ဘာ ပေါ်မှာ
အလှဆုံးတစ်နေရာလို့
အသေအချာပြောနိုင်မှာပါ
ကမ္ဘာမှာ စံပြုလောက်တဲ့ အနေရာတစ်နေရာ
အသေအချာ ဖြစ်မှာပါ
ညနေဆို မုံရွာသားတွေ
လေပြေလေညင်း
ရှူသွင်းရှိုက်ထုတ်
နေ၀င်ချိန်သရုပ်ကို
ဖော်ထုတ်ဖန်တီးနေကြတယ်
စက်ဘီးနဲ့ တစ်သွယ်
ဆိုင်ကယ်နဲ့ တစ်မျိုး
ခြေထောက်အားကိုးနဲ့
လမ်းလျှောက်သူကလျှောက်
သစ်ပင်အရိပ်အောက် ခိုသူကခို
နေညိုချိန်အလှ
သဘာဝပန်းချီကားကို ကြည့်လို့
ဘ၀အမောတွေကို သည်မှာ ဖြေကြ ၊
ရေစီးသံလွင်လွင်
တသွင်သွင်စီးဆင်း
ချင်းတွင်းမြစ်မင်း
ရေအရင်းအမြစ်
သစ်သစ်ပြာလွ
ရွရွညင်ညင်
ကြည်လင်ရွှင်အေး
ချိုတေးသံမြိုင်မြိုင်
လှိုင်လှိုင်တီးခတ်
တဖျပ်ဖျပ်လှိုင်းပုတ်
လက်လှုပ်ဖြူဝင်း
သဲခင်းသောင်ပြင်
ခရုပတ်ဆင်သို့
ရေရှင်ဖြတ်စီး
ရှုမငြီးဖွယ်
သောင်ပြင်ရေညိုလယ်
သည်ဝယ်သည်မှာ
သဲသာသောင်ယံ
ဟင်္သာမောင်နှံတို့
တောင်ပံချင်းယှက်
ညက်ညက်ညင်သာ
ထံတျာဟစ်ကြွေး
ဘာသာဘာဝတေးတွေဆိုလို့
သည်လိုအချိန်သည်လိုအခါ
အနောက်မှာက မိုးကုတ်စက်ဝိုင်း
ရစ်သိုင်းတိမ်ကမ္ဗလာရောင်စုံဖြာ
ဝါ၀ါနီနီတိမ်ပုဇွန်ဆီပက်ဖျန်း
မရန်းစေ့ရောင်
ခရမ်းရင့်ရောင်
လွင့်လွင့်ပြာကြည်
နှင်းဆီပန်းနုရောင်
ကြောင်ကျောက်စလင်းသား
ခုန်လွှားရောင်ခြည်ပြိုးပြတ်
ဝင်းလက်ကစား
အရောင်များစုံစုံ
တိမ်ပုံတွေကလည်း အမျိုးမျိုး
တိုးနယားလိုလို
ကျားလိုလို ဆင်လိုလို
အမြင်တွေ အမျိုးမျိုးပြောင်း
တိမ်တန်ဆောင်းပြာဿဒ်
အထပ်ထပ်အဖုံဖုံ
ဘုံအဆင့်ဆင့်
တင့်တယ်လှကြွ
ညနေခင်းရဲ့ ဇာတ်ရုပ်စုံတွေပါ
သည်လောက်လှတဲ့နေရာကို
နောက်ထပ်လို့ အားဖြည့်ထားတာတစ်ခုရှိသေး
ဟိုအဝေးက ရေးရေးပျပျ
တောင်းတန်းလှလှကြီးတွေပါ ။
ပထမ တောင်တန်းကို ဖိုလ်ဝင်းတောင်
ဒုတိယအလယ်တောင်တန်းက လက်ပံတောင်းတောင်
တတိယတောင်တန်းက ကြေးစင်တောင်နဲ့ စံပယ်တောင်ပါတဲ့
သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ သည်တောင်တွေမှာ
ဒဏ္ဍာရီဆန်ဆန်ပုံပြင်တွေရှိတယ်
အဖွားပြောပြတဲ့ ပုံပြင်တွေက
ယုံချင်စရာ မဟုတ်ပေမယ့်
ဂုဏ်တင်စရာ ရိုးရာသရုပ်သကန်တရားရင်းမြစ်ပါ
အဖြစ်အမှန်
ပုံသဏ္ဍာန်ဖော်ထုတ်ပေး
ရှေးရှေးတုန်းကဆိုတာ ဟိုးရှေးရှေးတုန်းကပေါ့လေ
သည်ရေ သည်မြေ သည်နယ်မြေမှာ
အခြေချနေထိုင်တဲ့ မောင်နှမ သုံးယောက်ရှိပါသတဲ့
အစ်ကိုကြီးတစ်ယောက်
နှမငယ် တစ်ယောက်
ညီငယ် တစ်ယောက်ပါ
စကားကြွယ်အရွယ်လှတဲ့
နှမငယ်ရဲ့ အဆိုစကား
အပိုမများဘဲ သူကပြော
သည်တော သည်ရေ သည်နယ်မြေမှာ
တောင်ဆိုတာ မရှိ ဗလာနတ္ထိ
ပကတိဟင်းလင်းပြင်
အကြည့်မလှ ရှုမလှ
သဘာဝလွင်ပြင်ကျယ်ကြီးထီးတည်းဖြစ်နေတယ်
တောင်ရှိမှ တင့်တယ်မြင်ကွင်းကျယ်ကျယ်
ထည်ထည်ဝါ၀ါဖြစ်လာမှာပါ
ကြည်သာရွှင်ပျ နှမလေးရဲ့အဆိုကို
ညီအစ်ကိုနှစ်ယောက်က လက်ခံ
တောင်တည်ရန်အချက်ပေါ်ထွက်လာတော့
မောင်နှမတွေ ပြိုင်ဘက်ဖြစ်ကုန်ပါပြီ
သည်မှတစ်ခါ
တောင်တည်တာစကြ
တောင်ဘက်အရပ်က နှမ
တောင်လှလှလေးတည် (တည်)
လှေငယ်ပိန်းကောမှောက်ထားသည့်နှယ်
တင့်တင့်တယ်တယ်ရှုဖွယ်မဆုံး
တောင်လုံးလှလှ ရွရွရွှင်ရွှင်
တောင်တော်ရှင်သခင်မရဲ့ လက်ရာ
လှပတဲ့တောင်ကလေးပါ
အမည်နာမခေါ်ကြ  ဖိုလ်ဝင်းတောင်မဟာ
မြောက်ဖျားက ညီငယ်ကလည်း
တောင်ရွယ်ရွယ်နှစ်လုံး
ခွန်အားသုံးလို့  တည်ဆောက်
ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်
စံပယ်နဲ့ ကြေးစင်တောင်
သည်ညီနောင် တောင်နှစ်လုံးပါ
အခုတော့ ပျက်ပြုန်းလို့ ပျောက်ကွယ်
ပင်လယ်ရေမျက်နှာပြင်အောက်
ပေ တစ်ထောင်လောက်ထိ ရောက်သွားပါပြီ
သဘာဝ အလှတရား
ပျက်ပြားဆုံးရှုံး
လုံးလုံးကြီးခံလိုက်ရပါပြီ
နှမနဲ့ ညီငယ် တောင်တည်လို့ ပြီးချိန်မှ
သတိရ ကိုယ့်တာဝန်
အလည်လွန်အပျော်လိုက်
ဖဲရိုက်ကြက်တိုက်နေမိတဲ့ အပြစ်
ကတိက၀တ်
ယွင်းချွတ်ပျက်ပြား
တောင်တည်ရန် နောက်ကျနေသည်များကို
အမှီလိုက်တည်ဆောက်ရန်
ဇွဲအားမာန်ဖြင့်
အပြင်းအထန်ကြိုးစား
တစ်အားကျုံးပက်
လက်နှစ်ဖက်ဖြင့်
ကော်ပက်တည်ဆောက်
ပြီးမြောက်တောင်သုံးဆယ့်သုံးလုံး
စုရုံးတောင်ပေါင်းရဲ့
မည်ကောင်းသညာ ခေါ်ကြပါသည်
လက်ပံတောင်းတောင် ဆိုတာ ပေါ်ပေါက်ခဲ့ ။
ကမ္ဘာ မြေပေါ်မှာ
သည်တောင်ကြီးဟာ ငွါးငွါးစွင့်စွင့်
ရှုချင့်စဖွယ် ထည်ထည်ဝါ၀ါဖြစ်တည်လာ
သဘာဝ တရားကပေးတဲ့သည်တောင်
လူ့ဘောင်အတွက် အကျိုးပြု
သစ်ဥသစ်ဖုကအစ
သစ်သီးသစ်ပင် ဆေးဖက်ဝင်တဲ့ဘယဆေးပင်
စုံစုံလင်လင်ဟင်းသီးဟင်းရွက်
လူသားတွေအတွက် ပေးဆက်နေရပါတယ်
ဆရာလယ်တီ တရားရည်သောက်သုံး
ဗုဒ္ဓကျမ်းတွေစီကုံးတဲ့နေရာ
သည်တောင်ကြီးရဲ့ ကံကြမ္မာ
အသေအချာဆိုးဝါးတော့မှာပါ
၅၁ အချိုး ၄၉ နဲ့
အမျိုးမျိုးနှိပ်စက်
စက်ယန္တရားတွေနဲ့ ဖျက်ဆီးကြတော့မှာပါ
မညှာမတာ ကြေးနီကြေးဝါဆိုတာတွေကို ထုတ်ယူ
အူအသဲတွေအကုန်နှုတ်
တောင်မျိုးပြုတ်အောင်လုပ်တော့မှာပါ
မြေပြင်ကတုံးတောင်လုံးလုံးမရှိအောင်ဆွဲချ
ရှေ့ကသွားနှင့်တဲ့ စံပယ်တောင်နဲ့ ကြေးစင်တောင်လို
မြေမျိုခံရဦးမှာပါ ။
ဒါတွင်မက တောင်ခြေမှာရှိတဲ့ ရွာတွေပျက်ပြုန်း
ဆုံးရှုံးရမယ့် လယ်မြေယာမြေတွေ
ဧကပေါင်းထောင်သောင်း
ဒါထက်မက အဆပေါင်းများစွာ
ဆိုးဝါးမှာတွေရှိသေး
မြေတွေပေါ် ငရဲမီးအက်ဆစ်တွေနဲ့လောင်း
ရေကြောင်းအတိုင်းစိမ့်ဝင်
သည်မြေတစ်ခွင်လုံး အဆိပ်သင့်
စားပင်သီးပင်သစ်ပင်တွေ အကုန်သေ
ကြက်တွေငှက်တွေ ၀က်တွေ နွားတွေလည်း အကုန်သေ
မွေးလာတဲ့ကလေးတွေလဲ
ခြေမသန် လက်မသန် ပုံမမှန်တွေဖြစ်
မိန်းမတွေလဲ ရောဂါဆိုးထဲနစ်
“၀ဋ်နာ ကံနာ” ဆိုပြီး ဖြည်းဖြည်းသေ
ကြေးနီလုပ်ငန်းက သုံးတဲ့ ငရဲမီးရေတွေ
ချင်းတွင်းမြစ်တွင်းစီးဝင်
ဧရာဝတီပင် မလပ်
ဒလစပ် စီးဆင်း
ပင်လယ်တွင်းထိဝင်သွား
ငါးပုဇွန်တွေသေ
လယ်ယာမြေပျက်
ထွန်ယက်မရ စိုက်မရ ပျိုးမရ
မြန်မာတစ်ပြည်လုံး မိုးမဆုံးရေမဆုံး
အကုန်လုံးပျက်စီး
သားစဉ်မြေးဆက်အထိ အဖျက်ဆီးခံရမှာပါ
သည်လောက်ထိဆိုးတဲ့အလုပ်
မျိုးပြုတ်မယ့်အလုပ်မျိုးကို
နောက်မဆုတ်ဘဲ တိုးလို့သာ လုပ်မယ်ဆိုရင်
မုံရွာသူ ၊ မုံရွာသားနဲ့ ချင်းတွင်းသူချင်းတွင်းသားတို့က
မရပ်မနား တွန်းလှန်ဖြိုဖျက်
မပျက်ပျက်အောင် လုပ်ဆောင်ကြမှာပါ
လုံးဝလက်မခံ ထက်သန်တဲ့စိတ်နဲ့
သည်စီမံကိန်း ပျက်ဖို့ရာ
အားလုံးညီညီညာညာ လက်တွဲတိုက်ပွဲဝင်ကြမှာပါ
ကြည့်ပါဗျာ ရှေ့ဆက်
ဘယ်မှာလဲ ကောင်းကွက်
တစ်ကွက်မှ မရှိတဲ့အလုပ်
လူသတ်လက်နက်တွေလုပ်
ကျည်ဆံတွေ ၊ ဗုံးဆံတွေ ၊ အမြောက်ဆံတွေလုပ်မယ့်
လူမျိုးဖြုတ် ကြေးနီစီမံကိန်းကြောင့်
သည်မှာလဲ လူတွေ ဘ၀ပျက်ကြရအုံးမယ်
တခြားမှာလဲ သေကြရအုံးမယ်
လူမျိုးတုံး သည်အချက်တွေကြောင့်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
လုံးဝအပြီးအပြတ် ဖျက်သိမ်း
ခြိမ်းခြိမ်းညံကောင်းကင်မြေပြင်
မြန်ပြည်တစ်ခွင်လုံး
ထစ်ချုန်းတောင်းဆိုကြပြီဟေ့ ။
ဓနထွန်း (မုံရွာ)

Monday, September 24, 2012

"ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်"....

 
"ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်".....

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ် နာမည် သုံးပြီး
လုပ်စားနေခဲ့သူ လူတစ်စု
စုကို နိုင်ငံရေး လုပ်မှာ ကြောက်လို့
နိုင်ငံခြားမှာ အခြေကျအောင်
ပရိယာယ် အထွေထွေ
အခြေအနေ အရပ်ရပ်
အထပ်ထပ် ဖန်တီးပြီး စီစဉ်ခဲ့ကြတယ် တဲ့။
ဒါပေမဲ့ …
ရှေ့ရေးကို မျှော်
ဗိုလ်ချုပ်သမီးနော် ပီသ
ဇာတိပြကာ နေလာခဲ့ပြီး
တိုင်းပြည်က အရေးကြီးတော့
ရှေ့က ခေါင်းဆောင်
ဂုဏ်ရောင်ပြောင်အောင်
သူ ဆောင်ရွက်နေတယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးကို
ဗိုလ်ချုပ် တည်ထောင်
ဂုဏ်ရောင်တွေ ပြောင်ခဲ့တဲ့
မြန်မာ့ တပ်မတော်မှ
အချို့သော ခေါင်းဆောင်တွေ
မတတ်သော စိတ်ထား
ဦးတည်ချက် အမှားများနှင့်
ဝရုန်းသုန်းကား
ဖမ်းဆီး ထောင်ချ
ဘဝ အမှောင်တွေကျအောင်
ကြံလုံး ဖန်လုံး
နည်းမျိုးစုံ သုံးလို့
အမျိုး သုဉ်းအောင်
ကြံဆောင် နှိပ်စက်
အဘက်ဘက်က ဖျက်ခဲ့တယ်။
ဒါပေမဲ့
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
တိုင်းပြည် အတွက်
အငြိုးအတေး မစွက်ပဲ
မေတ္တာသက်ပြီး
အကြမ်း မဖက်တဲ့ နည်းနှင့်
ကြိုးစားကာ ကြံဆောင်
အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
သူ့ အပေါ် ဗိုလ်ကျ
အမျိုးမျိုး ပါဝါပြသူတွေ အပေါ်
မပျက်သော မေတ္တာ
ဗြဟ္မစိုရ်တရား ပါပါနှင့်
လက်တွဲ ဆောင်ရွက်နေတာဟာ
လူ သာဓုခေါ် နတ် သာဓုခေါ်
ဘုရားပါ သာဓုခေါ်မည့် အလုပ်
သူ မပြတ်တန်း လုပ်နေတယ်ဗျာ။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
မပြီးပြတ်ခဲ့တဲ့ ဖခင် အလုပ်
တကုတ်ကုတ် ဆက်လုပ်နေလိုက်တာ
ယားလျှင်တောင် မကုတ်အားလောက်ပါဘူး။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
အာဏာရှင်တွေ တလွဲသုံးလို့
တစ်ကမ္ဘာလုံးက မသိသလောက် ဖြစ်သွားခဲ့ရတဲ့ ဒီနိုင်ငံကို
ကမ္ဘာ့ နေရာမှန်မှာ
အောင်လံ ပြန်စိုက်ထူဖို့
တာစူကာ သူ ပြန်တည်ဆောက်နေတယ်။
ကမ္ဘာကြီးက သူ့ အပါးမှာ
မားမားကြီး ရပ်လို့
အားပေး ကြိုဆိုနေတယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
လွတ်လပ် တရားမျှတမှုရဲ့ ရှေ့ဆောင်
ဒီမိုကရေစီ ခေါင်းဆောင်တဲ့။
လူသားတို့ရဲ့ မီးရှူးတန်ဆောင်
သစ္စာ မေတ္တာ အရောင်လည်း ဖြစ်သတဲ့။
အကြမ်း မဖက်
မေတ္တာ လက်နက်ကိုသုံး
အပြုံးများနှင့် တိုက်ပွဲဝင်
လူသားတို့ရဲ့
သမိုင်းဝင် ငြိမ်းချမ်းရေး သင်္ကေတလည်း ဖြစ်သတဲ့။
စိတ်ရှည် သည်းခံ
ဇွဲသန်သန်နှင့်
အားမာန်ပါပါ
တိုက်ပွဲဝင်တာကြောင့်
ကမ္ဘာ့ သူရဲကောင်းလဲ ဖြစ်သတဲ့။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးကို
ကမ္ဘာကြီးက ဂုဏ်ပြုနေလိုက်တာ
သောသောကို ညံလို့
ဟန်ပန်တွေ အမျိုးမျိုးနှင့်ပေါ့။
သူတို့ ဆုတံဆိပ်တွေဟာ
ဗိုလ်ချုပ် သမီး ဂုဏ်နှင့် စာလျှင်
သေးငယ်များ နေမလားဆိုတဲ့ အတွေးနှင့်
ကမ္ဘာကျော်တွေ
အသံကုန် ဟစ်အော်ပြီး
ချီးမွမ်း ဂုဏ်ြပုနေကြတယ်လေ။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
ခန္တီ သစ္စာ
မေတ္တာပါ ပါတဲ့
တန်ခိုး ပါဝါစုံနှင့်
ကမ္ဘာတုန်အောင်
အမျိုးဂုဏ် တန်ခိုးဂုဏ် ပြနေတာ မြင်ရတော့
ဗိုလ်ချုပ်ကို တမ်းတ
သတိယလှတာကြောင့်
ခေါ်ပြော အော်ပြောလိုက်တယ်
“ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်”လို့

ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် ကွန်ကရက်၏ အမြင့်ဆုံး ရွှေတံဆပ် ဆုချီးမြှင့်ပွဲ (လိုက်ဖ်ရှိုး တင်ဆက်မှု) အပြီးတွင် ခံစား ဂုဏ်ပြု စပ်ဆိုပါသည်။

"ဘုန်းဥာဏ်"

Wednesday, August 29, 2012

အရူးမီးဝိုင်း


အရူးမီးဝိုင်း
(ကဗျာရှင် နေရဲနီ)

လှည်းတန်း သမိုင်း ရွှေဂုံတိုင်
ဂုံးကျော်တံတားကြီးတွေ အပြိုင်အဆိုင်
ရန်ကုန်မြို့ကြီးကို စင်္ကာပူလိုဖြစ်အောင်
လေးလအတွင်းမှာ အပြီးဆောက်မယ်တဲ့
လွန်ခဲ့တဲ့ငါးလလောက်က
နာဂစ်ဥပဒေ နဲ့ ဂီရိရွေးကောက်ပွဲမှာ
သပွတ်အူကြိုတင်မဲတွေနဲ့ အနိုင်ရလာတဲ့
ဝန်ကြီးတပါးကပြောတဲ့စကား
လေးလလွန်လို့ ငါးလထဲရောက်လာတော့
ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့
တစ်နှစ်လောက်တော့ ကြာမှာပေါ့တဲ့
ဒါရိုက်တာမောင်မျိုးမင်း ကတော့
ရင်တွင်းကဖြစ်လာတဲ့စကားနဲ့ပြောလိုက်တာ
ဆောက်တုန်းပါဗျာ တဲ့။
သံတူကြောင်းကွဲ မြန်မာစကားကလဲ
တခါတလေတော့လဲ နားလည်ရအခက်သား။

တံတားဆောက်တဲ့အကြောင်းပြချက်နဲ့
လမ်းတွေတခြမ်းပိတ်ထားတော့
ယာဉ်ကြောတွေက ယခင်ကထက်ပိုလို့ကြပ်
ယာဉ်အဟောင်းနေရာမှာ အစားထိုးလာတဲ့ယာဉ်သစ်တွေကြောင့်လည်း
ယာဉ်ကြောတွေက ကြပ်ပြီးရင်းပိုလို့ကြပ်
လိုရာခရီးကို အချိန်မှီမရာက်နိုင်တဲ့
ခရီးသွားပြည်သူတွေရဲ့အသံက တစတစနဲ့ ပူညံပူညံ။

နေ့ညမပြတ်ယန္တယားသံဆူဆူညံညံကြောင့်
နားမခံနိုင်တဲ့ရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံက ဆူဆူညံညံ
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာဖိတ် ဆိုတဲ့
ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးစိတ်ကူးတွေနဲ့
လက်သင့်ရာဆွမ်းလောင်းပြီး ပြည်တွင်းကုမ္ပဏီကို
ကန်ထရိုက်ပေးလိုက်ပြန်တော့လည်း
အတွေ့အကြုံကမရှိ
စက်ယန္တယားကမပြည့်စုံ
လွဲချော်ခဲ့ရင် ပြန်ပြင်ဖို့မလွယ်တဲ့ ဒီလိုနေရာမျိုးမှာ
တကယ်တတ်တဲ့ အတတ်ပညာရှင်ဆိုတာဝေလာဝေး။

ဒီလိုနဲ့ဘဲ
တနှစ်နဲ့မှ မပြီးခဲ့သည်ရှိသော်
လိုရာခရီးမရောက်နိုင်တဲ့ ပြည်သူတွေရဲ့အသံ
ယာဉ်ကြောကြပ်လို့ စိတ်မရှည်နိုင်တော့တဲ့ယာဉ်မောင်းတို့ရဲ့အသံ
စက်ယန္တယားသံနားမခံနိုင်တော့တဲ့
အနီးအနားရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံ
ဝေဖန်သံ
အပြစ်တင်သံ
အစရှိသော အသံမျိုးစုံကြားမှာ
အရူးမီးဝိုင်းဖြစ်တော့မှာပါလား။

နေရဲနီ

ဓာတ်ပုံ မြစ်မခ မီဒီယာ

Friday, June 29, 2012

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)



ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ
(ကဗျာရှင် နေရဲနီ)

တရံရောအခါ ဗာရာသနင်း
ဗြဟ္မဒတ်မင်းသည် သူ၏ဆင်တပ် ရေသက်ဖို့ရာ
ဂင်္ဂါကမ်းသို့စေလေ၏။

ရဲရင့်ဝံ့ကြွား ဆင်အများတို့ အေးမြကြည်လင်
မြစ်ဂင်္ဂါ၏ ရေအလျင်ကို
မြင်သော်ခဏ အားရဝမ်းသာ
ဂင်္ဂါမြစ်တွင်း ဆင်းလေသော်
ရုတ်ချည်းမူရာ ပြောင်းလဲကာလျှင်
တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ရုတ်တရက်လျှင်
ကျိုးကျိုးကျည်ကျည် အော်ကာမြည်လျက်
ဖရိုဖရဲတပ်ပျက် အသွင် ပြေးကာလျင်သည်
ဂင်္ဂါကမ်းမှ ဝေးရာတည်း။

ဆင်အပေါင်း၏ ထူးခြားဖြစ်အင် မြင်သော်ခဏ
စုံစမ်းကြသော် မြစ်ဂင်္ဂါ၏ အထက်အညာ
ဟိမဝန္တာ မြိုင်ရပ်သာတွင် ဘုန်းရှိန် သမ္ဘာပြည့်စုံစွာသား
ရတနာဆင်ဖြူ ပေါ်ထွန်းမူ၍
ဆင်ဖြူဘုန်းကံ အရှိန်ဒဏ်ကို ဆင်မည်းမခံနိုင် ၍လန့်ကြောက်အသွင် အပြေးနှင်သည်
အုတ်အော်သောင်းနင်း ဖြစ်သတည်း။

မင်းဗြဟ္မဒတ် ရာဇာမြတ်လည်း သူ၏ဆင်တပ် ရေသက်ဖို့ရာ
ကြံကာတွေးသော် ဆင်ဖြူ့အညစ်ကြေး မစင်ချေးကို
ရေနှင့်ဖျော်၍ ဆင်မည်း ကိုယ်ပေါ်လောင်းသော်ခဏ ဆင်အပေါင်းလည်း
သောင်းသောင်းဖျဖျ အားရဝမ်းသာ ရွှင်မြူးကာလျှင် မြစ်ဂင်္ဂါ၏ရေတွင်လူးသည်
အုံးအုံးကျွက်ကျွက် ညံလေသတည်း။

နိပါတ်တော်လာ ထိုပုံဝတ္ထု ပမာပြု၍
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆိုရိုးစကား ရှေးကထားသည်
လက်ထက်တော်က စလေသတည်း

ဤသို့လျှင် ဘုန်ကံနိမ့်ပါး လူ့အန္တတို့
မိန်းမသားပင် ဖြစ်လင့်ကစား ဘုန်းမြင့်မားမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သို့
မသိကျိုးကျွံ ပြုကြတုံသည် လူမိုက်တို့ထုံးနှလုံးတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းသားပြည်သူ များရှင်လူတို့
ဂုဏ်ယူဖွယ်သား နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
ဥရောပခရီး ကမ္ဘာ့မီဒီယာ အသီးသီးတွင်
သူ့ထက်ငါဦး အလုအယက် ရေးသားနေချိန်
နိုင်ငံပိုင် မီဒီယာ မြန်မာ့အသံ ရုပ်မြင်သံကြား
မြန်မာအလင်းကြေးမုံ အဖုံဖုံတွင် တစိုးတစိမျှ
မရေးကြသည် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာသည်
ပုဂ္ဂိုလ်ရေးခရီး အကြောင်းပြချက်တည်း။

နေရဲနီ

Sunday, June 24, 2012

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။

++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်